ဝက်လက်မြို့နယ်တွင် ဒလန်ဟုသတ်မှတ်ခံထားရသူ ၃၅ ဦး ဒလန်မဟုတ်ကြောင်း ဒေသခံ ပြောက်ကျားတပ်ကို လာရောက် ဝန်ခံတောင်းပန်ဟုဆို

ဝက်လက်မြို့နယ်တွင် ဒလန်ဟုသတ်မှတ်ခံထားရသူ ၃၅ ဦး ဒလန်မဟုတ်ကြောင်း ဒေသခံ ပြောက်ကျားတပ်ကို လာရောက် ဝန်ခံတောင်းပန်ဟုဆို

အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် ဒလန်ဟု သတ်မှတ်ခံထားရသူများအနက်မှ ၃၅ ဦးသည် ဒလန်မဟုတ်ကြောင်း ဒေသခံပြောက်ကျားတပ်ဖြစ်သည့် ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့ထံ လာရောက်ဝန်ခံ တောင်းပန်ထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ဆီ လာပြီး ဝန်ခံတောင်းပန်တာကတော့ ၃၅ ယောက်ရှိပြီ။ ကျန်သေးတဲ့ လူတွေလည်း ရှိပါသေးတယ်။ ဝန်ခံတောင်းပန်ထားတဲ့သူတွေကိုလည်း ဒလန်ဆက်လုပ်မလုပ် အမြဲစောင့်ကြည့်နေတယ်” ဟု ယင်းအဖွဲ့၏ တာဝန်ရှိသူ ဗိုလ်နဂါးက ပြောသည်။

သတင်းပေးဒလန်လုပ်ပါက မည်သူ့ကို မဆိုခွင့်လွှတ်ပေးမည် မဟုတ်ကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့တွင် ယင်းအဖွဲ့က ထုတ်ပြန်ခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အသီးသီးမှ ဒလန်ဟု သတ်မှတ်ခံထားရသူများက ယနေ့အောက်တိုဘာလ ၂၃ရက်နေ့ အထိ ဒလန်မဟုတ်ကြောင်းလာရောက် ဝန်ခံကြသည်ဟု သိရသည်။

စစ်ကောင်စီကို လည်ပတ်နိုင်ရန် ကူညီထောက်ပံ့နေသောအရာများအား အဆုံးသတ်ပေးမည့် အပြင် အပြစ်မဲ့ပြည်သူများကို တစ်စုံတစ်ရာဒုက္ခပေးရန် သတင်းပေးဒလန်လုပ်ပါက မည်သူ့ကို မဆို ခွင့်လွှတ်ပေးမည် မဟုတ်ကြောင်း ယင်းအဖွဲ့က ကြေညာခဲ့သည်။

ဝက်လက်မြို့နယ်အတွင်း မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်ဆက်နွှယ်မှု မရှိကြောင်းနှင့် ဒလန်မဟုတ်ကြောင်း ရပ်ကွက်ကျေးရွာများအတွင်း မိုက်ဖြင့် လှည့်လည်ကြေညာသူ တချို့၏ ဗီဒီယိုဖိုင်များနှင့် မိသားစုလိုက် သစ္စာရေသောက်ကာ ဒလန်မဟုတ်ကြောင်း ပြောဆိုသည့် ဗီဒီယိုဖိုင်လည်း ပြီးခဲ့သည့် ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သေးသည်။

“စစ်ကောင်စီကို လည်ပတ်နိုင်အောင် ကူညီထောက်ပံ့နေတဲ့သူတွေကိုပဲ ကျွန်တော်တို့က ပစ်မှတ်ထားပါတယ်။ ဒလန်တွေက ပုံစံအမျိုးမျိုးနဲ့ နုတ်ထွက်ကြတာရှိပါတယ်။ ဝန်ခံကြတာရှိပါတယ်။ တော်တော်ဆိုးတဲ့ သူတွေဆိုရင်တော့ ကျွန်တော်တို့က မိုက်နဲ့ကို အော်ခိုင်းတာပါ။ ကျန်နေသေးတဲ့ စစ်ကောင်စီ အသုံးတော်ခံတွေလည်း ပြည်သူတွေထံ အမြန်ဆုံး အလင်းဝင်ပါ။ အလင်းမဝင်ရင်တော့ လုပ်စရာရှိတာ ဆက်လုပ်ရပါလိမ့်မယ် ”ဟု ဗိုလ်နဂါးက ပြောသည်။

ဝက်လက်မြို့ ပြောက်ကျားတပ်ဖွဲ့ ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့သည် စစ်ကောင်စီကို လည်ပတ်နိုင်ရန် ကူညီဆောင်ရွက်နေသည့် သတင်းပေးဒလန် ကိုးဦးကို သုတ်သင်ရှင်းလင်းထားပြီး စစ်ကောင်စီပိုင် မိုင်တဲတာဝါတိုင်များကို မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required