ဧရာဝတီအခြေစိုက် Delta News Agency ကို စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်း

ဧရာဝတီအခြေစိုက် Delta News Agency ကို စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်း

အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် သတင်းဌာန တစ်ခုဖြစ်သည့် Delta News Agency ၏ တရားဝင် ထုတ်ဝေခွင့်လိုင်စင်ကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဆက်သွယ်အကြောင်းကြားလာသည်ဟု Delta News Agency ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို ထိခိုက်စေတဲ့ အကြောင်းအရာတွေနဲ့ ပြစ်မှုကျူးလွန်သူတွေကို အားပေးကူညီရာ ရောက်စေတဲ့ အကြောင်းအရာတွေကို ရေးသားထုတ်လွှင့်ဖော်ပြခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က စတင်ပိတ်သိမ်းလိုက်တယ်"ဟု အကြမ်းဖက်စစ်ကောင်စီ၏ ပေးပို့စာထဲတွင်ဖော်ပြထားသည်။

ထိုစာကို စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဌေး လက်မှတ်ဖြင့် ဆက်သွယ်ပေးပို့လာခြင်းဖြစ်ပြီး သတင်းများ ဆက်လက် ရေးသားထုတ်လွှင့်ခြင်းများမပြုလုပ်ရန် ထိုစာတွင် ဖော်ပြထားသည်။

Delta News Agency အဖွဲ့သားများ အားလုံးသည် လွတ်မြောက်နယ်မြေ တစ်နေရာက သတင်းများကို ဆက်လက်ရေးသား ထုတ်လွှင့်နေသည်ဟုသိရပြီး သတင်းများကို ပုံမှန်ဆက်လုပ်သွားမည်ဟု Delta News Agency ၏ တာဝန်ရှိသူတစ်ဦးကဆိုသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက Delta News Agency အပါအဝင် ပြည်တွင်းအခြေစိုက် မီဒီယာ ခုနှစ်ခုထက်မနည်းအား ထုတ်ဝေခွင့် လိုင်စင်ပိတ်သိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly