စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် မန္တလေးဈေးချို ပြန်လည်ဖွင့်သော်လည်း ဆိုင်ဖွင့်ရောင်းချသူနည်းပါး

စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် မန္တလေးဈေးချို ပြန်လည်ဖွင့်သော်လည်း ဆိုင်ဖွင့်ရောင်းချသူနည်းပါး

အောက်တိုဘာ ၂၃

မန္တလေးမြို့တွင် COVID-19 ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် မန္တလေးဈေးချိုကို ယနေ့ အောက်တိုဘာ ၂၃ရက်တွင် စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ဆိုင်ခန်းဖွင့်လှစ် ရောင်းချမည့်သူ မရှိသလောက်နည်းပါးကြောင်း ဆိုင်ခန်းပိုင်ရှင်များထံက သိရသည်။

ဈေးဖွင့်ချိန်ကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ခွင့်ပြုထားသော်လည်း ယနေ့နံနက် ၉ နာရီဝန်းကျင်အထိ လာရောက်ဖွင့်လှစ်သည့်ဆိုင် အရေအတွက် နှစ်ဆယ်ကျော်သာ ရှိသည်ကို တွေ့ရသည်။

"ရုံ ( ၁) ဘက်မှာတော့ အနည်းအကျဉ်းလေးရှိတယ်။ အဲဒီမှာ စစ်ကောင်စီလက်အောက်ခံတွေ ကိုယ်တိုင် ဦးဆောင်ပြီး ဆိုင်ခန်းတချို့ဖွင့်ကြတယ်။ မနက်က ဈေးလူကြီးတွေနဲ့ စည်ပင်တွေလည်း ပါတယ်။ အဲဒီဘက်မှာတော့ အဖွင့်ပြလို့ရတယ်။ ဒီဘက်(မန်းမြန်မာပလာဇာ)ကတော့ ဖွင့်ဖို့ လုံးဝဆန္ဒမရှိကြလို့ မဖွင့်ကြသေးဘူး။ မြေညီအတွင်းထဲတော့ ၁၅ ဆိုင်လောက်ဖွင့်ကြတယ်" ဟု ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးကပြောသည်။

မြို့၏အဓိက ဈေးကြီးများဖြစ်သည့် အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးရုံ၊ မန်းမြန်မာပလာဇာနှင့် ရတနာပုံဈေးတို့ကို အောက်တိုဘာလ ၂၃ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ကြရန် စစ်ကောင်စီက ညွှန်ကြားခဲ့သည်။

"ဖွင့်လည်း ဈေးမှာလူမရှိတာ ဘာလုပ်မှာတုန်း။ လုံခြုံရေး ဘယ်သူက တာဝန်ယူမလဲ။ ဖွင့်မယ်ဆိုရင် ပစ္စည်းတွေပြန်ရွှေ့ရမယ်။ ညဘက်ဆိုင်ခန်းလာဖျက်ပြီး ပစ္စည်းယူတဲ့ ကိစ္စဘယ်သူက တာဝန်ယူပေးမှာလဲ။ ကျွန်တော်တို့တော့မဖွင့်ရဲဘူး။ ဖွင့်ရဲသူဖွင့်ကြပေါ့" ဟုဆိုင်ခန်းမဖွင့်လိုသူတစ်ဦးက ဆိုသည်။

ဈေးရုံ ရှစ်ရုံ ဆိုင်ခန်းပေါင်း ၃,၀၀၀ ဝန်းကျင်ရှိသည့် အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးရုံအား ယခုအခါ COVID-19 ရောဂါ ကူးစက်မှု လျော့နည်းလာခြင်းကြောင့် စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ကြရန် မကြာခဏညွှန်ကြားခဲ့သော်လည်း မီးရှို့လုယက်ဖျက်ဆီးမှု ခံရနိုင်သည့် အန္တရာယ်ကြောင့် ဆိုင်ခန်းပိုင်ရှင်အများစုက ပြန်လည်ဖွင့်လှစ်ရန် စိတ်ဝင်စားမှုမရှိကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly