သန်လျင်တွင် စစ်ကောင်စီ၏ လုံခြုံရေးတပ် စခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကား တိုက်ခိုက်ခံရ

သန်လျင်တွင် စစ်ကောင်စီ၏ လုံခြုံရေးတပ် စခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကား တိုက်ခိုက်ခံရ
ဓာတ်ပုံ- အဟောင်း

အောက်တိုဘာ ၂၃

ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်တွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်စခန်း တစ်ခုနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသောကား တိုက်ခိုက်ခံရမှု ယနေ့ အောက်တိုဘာလ ၂၃ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သန်လျင်လမ်းမကြီး၊ ကိုတင်မောင် မှတ်တိုင်နှင့် ဘုရားလေး မှတ်တိုင် အကြားရှိ စစ်ကောင်စီ လုံခြုံရေး စခန်းတစ်ခု ယနေ့ နံနက် ၇ နာရီခန့်က ပစ်ခတ်ခံခဲ့ရပြီး နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသောကား တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

“အဲဒီမှတ်တိုင် နှစ်ခုကြားမှာ သင်္ချိုင်းတစ်ခုရှိတယ်။ အဲဒီနားမှာ သူတို့လုံခြုံရေးစခန်းတစ်ခု ရှိတယ်။ အပစ်ခံရတာ တစ်ယောက် သေတယ်ပြောတယ်" ဟု စစ်ကောင်စီ လုံခြုံရေးစခန်း ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ သန်လျင် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လုံခြုံရေးစခန်း တိုက်ခိုက်ခံရမှုကို မည်သည့် အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်မှု မရှိသေးသော်လည်း စစ်ကောင်စီ၏ကား တိုက်ခိုက်ခံမှုအား သန်လျင်ဒေသ ကာကွယ်ရေးတပ် (TLPDF)က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံက သိရသည်။

ကျောက်တန်းမြို့မှ သန်လျင်မြို့သို့ မောင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးခန့် စီးနင်းလာသော စစ်ကားတစ်စီးကို သန်လျင်မြို့ ကျိုက်ခေါက်ဘုရားအလွန် နည်းပညာတက္ကသိုလ် (သန်လျင်) အနီးတွင် TLPDF အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ထမလုံက ဘုရားနားမှာ စစ်ခွေးတွေလာတဲ့ကားကို ကျွန်တော်တို့က ပစ်တာ။ မနက်က ခုနှစ်နာရီခွဲ နဲ့ ရှစ်နာရီကြားမှာ ကျိုက်ခေါက်ဘုရားအလွန်မှာပေါ့။ သူတို့ဘက်က တစ်ယောက်ကျတယ်။ တစ်ယောက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်” ဟု TLPDF တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် TLPDF မြို့ပြပြောက်ကျားတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးသူ မရှိခဲ့သော်လည်း စီးနင်းလာသော ဆိုင်ကယ်တစ်စီး ဆုံးရှုံးကျန်နေခဲ့ကြောင်း ၎င်းက ပြောသည်။

“ဒီကောင်တွေရဲ့ အာဏာကို မလိုချင်ဘူး။ မတော်မတရား ပြည်သူတွေကို အုပ်ချုပ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က တစ်ဖက်တစ်လမ်းက နိုင်တဲ့တာဝန်နဲ့ ကျွန်တော်တို့က လုပ်တာ။ ဆက်ပြီးလည်း တော်လှန်သွားအုံးမှာပါ” ဟု ၎င်းက ပြောသည်။

ကြားဖြတ်တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုနေရာအနီးတစ်ဝိုက်တွင် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းနေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထပ်မံ ရောက်လာကာ လမ်းပိတ်ဆို့စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သန်လျင်ဒေသခံတစ်ဦးက ပြောသည်။

“စစ်ခွေး( စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေ အဲဒီဘက်ကို အများကြီးပဲ သွားတာတွေ့တယ်။ Double Cab ကား ငါးစီးနဲ့ သွားတာတွေ့လိုက်တယ်” ဟု အမည်မဖော်လိုသူ သန်လျင်ဒေသခံတစ်ဦးက ဆိုသည်။

ယင်းအပြင် ယနေ့ နံနက်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလ လမ်းမပေါ် ဗိုလ်တထောင်ဈေးလမ်း မီးပွိုင့်အနီးရှိ ယာဉ်ထိန်းရဲရုံးစခန်း (စစ်ကောင်စီ ကင်းစခန်း) တစ်ခုကို ရန်ကုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(S-21 ) အဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဘက်က ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required