အိန္ဒိယအစိုးရက လာမည့် ၃-၄ နှစ်အတွင်း လေဆိပ်နှင့်ရဟတ်ယာဉ်ကွင်း ၂၀၀ ကျော်တည်ဆောက်ရန် ရည်ရွယ်ထား

အိန္ဒိယအစိုးရက လာမည့် ၃-၄ နှစ်အတွင်း လေဆိပ်နှင့်ရဟတ်ယာဉ်ကွင်း ၂၀၀ ကျော်တည်ဆောက်ရန် ရည်ရွယ်ထား

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီကအစိုးရအနေဖြင့် လေဆိပ်၊ ရဟတ်ယာဉ်ဆင်းသက်ကွင်း၊ ရေပြင်ဆင်းလေယာဉ်များ ဆိုက်ကပ်မည့်နေရာ စုစုပေါင်း ၂၀၀ ခန့်ကို နိုင်ငံအနှံ့တွင် လာမည့် ၃/၄ နှစ်အတွင်း တည်ဆောက်သွားမည်ဟု အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

ဥတားပရာဒေ့ရှ် ပြည်နယ်တွင် ကူရှိနဂါ နိုင်ငံတကာလေဆိပ်ဖွင့်ပွဲ ကျင်းပသည့်အခမ်းအနားတွင် နာရင်ဒရာမိုဒီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က လေယာဉ်ပြေးလမ်း ၉၀၀ ကျော် တည်ဆောက်ရန် အတည်ပြုထားပြီးဖြစ်ကာ ၎င်းတို့အနက် ၃၅၀ ကျော်ကို စတင်အသုံးပြုနေပြီဟုလည်း ၎င်းက ပြောကြားသည်။

“အရင်တုန်းက အသုံးပြုလို့မရတဲ့ လေဆိပ် ၅၀ ကျော်ကိုလည်း အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားသည်။

ဥတားပရာဒေ့ရှ် ပြည်နယ်တွင် ကူရှိနဂါ လေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ရန် ဝန်ကြီးချုပ်ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် အတည်ပြုခဲ့သည်။

အဆိုပါ လေဆိပ်ကို အဆင့်မြှင့်တင်ရာတွင် ကုန်ကျစရိတ် ရူပီး ၂၆၀ ကုဋေရှိခဲ့ပြီး ဗုဒ္ဓပရိနိဗ္ဗာန်စံရာ အရပ်သို့ လာရောက်လိုသည့် ပြည်တွင်းပြည်ပဧည့်သည်များအတွက် အသုံးဝင်သလို ဘာသာရေးဆိုင်ရာ နေရာများသို့ ကမ္ဘာအနှံ့မှ ဗုဒ္ဓဘာသာ ဘုရားဖူးများ လာရောက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။

ဥတားပရာဒေ့ရှ်နှင့် ဘီဟာပြည်နယ်များအတွက် အဆိုပါလေဆိပ်သည်ကောင်းစွာ အသုံးဝင်နိုင်ပြီး ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် အရေးကြီးသော ခြေလှမ်း တစ်ရပ်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly