လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦးတွင် အပြစ်မရှိကြောင်း သက်သေပြနိုင်ရန် မျှော်လင့်ဟု ဦးရဲထွဠ်ပြော

လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦးတွင် အပြစ်မရှိကြောင်း သက်သေပြနိုင်ရန် မျှော်လင့်ဟု ဦးရဲထွဠ်ပြော

ရန်ကုန်၊ဒီဇင်ဘာ ၂၄ ။           ။ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ကိုဇော်လင်း နှင့် ကိုဝေဖြိုး (ခ) ကိုဝင်းဇော်ထွန်းတို့အား တရားရုံးက သေဒဏ်ချမှတ်လိုက်သည့်အပေါ် ထိုင်းနိုင်ငံရှိဥပဒေများနှင့်အညီ အဆင့်ဆင့်အယူခံဝင်သွားမည်ဖြစ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဠ်က သူ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် အဆိုပါအမှု အမိန့်ချမှတ်ပြီးနာရီပိုင်းအကြာတွင် ရေးသားခဲ့သည်။

“ အယူခံအဆင့်ဆင့်မှာ ဒီအမှုနဲ့ပက်သက်တဲ့ သက်သေအထောက်အထားများ ကိုပြန်လည်သုံးသပ်ပြီး စွပ်စွဲခံရသူနှစ်ဦး အပြစ်မရှိကြောင်း သက်သေပြနိုင်မယ်လို့မျှော်လင့်ပါတယ်” ဟုရေးသားခဲ့ခြင်းဖြစ် သည်။

ခိုတောင်လူသတ်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ၊ တရားရုံးကြားနာမှုများတွင် ရဲ၏ မကျွမ်းကျင်မှုများ၊ သက်သေခံများကို မှားယွင်းစွာ ကိုင်တွယ်ခြင်းများနှင့် သံသယတရားခံဖမ်းဆီး ထားသူများ အပေါ် နှိပ်စက်ညှင်းပန်းမှုများ ရှိနေသည့်ဆိုသည့် အငြင်းပွားမှုများ ကြားက ယခုကဲ့သို့ သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ ယင်းအပြင် ၎င်းတို့နှစ်ဦးကို ခိုးမှုနှင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေ ထိုင်မှုတို့အတွက် ထောင်ဒဏ် နှစ်နှစ်စီ အသီးသီးချမှတ်လိုက်သေးသည်။

၂၀၁၄ စက်တင်ဘာက ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲအား အမျိုးသမီးဖြစ်သူကို မုဒိမ်းကျင့်ကာ နှစ်ဦးစလုံးအား သတ်ဖြတ်ခဲ့မှုဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝေဖြိုး (ခေါ်) ကိုဝင်းဇော်ထွန်းတို့အား ဖမ်းဆီးခဲ့ပြီး ယခုတွင် တရားရုံးက သေမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly