ဆိုဗီယက်ခေတ် တိုက်လေယာဉ်အား အသွင်ပြောင်းထားသော ဒရုန်းများကို တရုတ်ပြသ

ဆိုဗီယက်ခေတ် တိုက်လေယာဉ်အား အသွင်ပြောင်းထားသော ဒရုန်းများကို တရုတ်ပြသ

တရုတ်သည် မောင်းသူမဲ့ဒရုန်းယာဉ်အဖြစ် အသွင်ပြောင်းလဲထားပြီးဖြစ်သည့် ၁၉၅၀ နှစ်များအလွန်က တိုက်လေယာဉ်အများအပြားကို ထိုင်ဝမ်အနီး အရှေ့ဘက်ကမ်းရိုးတန်းအခြေစိုက်စခန်း ၂ ခု ၌ ပထမဆုံးအကြိမ် ပြသထားသည်ကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရှိရသည်။

လေ့ကျင့်ရေးတပ်မဟာ၏ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်အတွက် လေ့ကျင့်ရေးယန္တရားအစပြုမှုအဖြစ် အခမ်းအနားကျင်းပသည့်အကြောင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်၏ အရှေ့ပိုင်းစစ်ဒေသက လူမှုမီဒီယာWeibo ၌ တင်ရာတွင် ၎င်းဓာတ်ပုံများအားပြသခဲ့ခြင်းဖြစ်သည်။

အဆိုပါဓာတ်ပုံများကို အမည်မသိ လေယာဉ်ကွင်းတွင် ရိုက်ကူးထားပြီး အခမ်းအနားဆိုင်ရာ နဖူးစည်းစာတန်းတစ်ခုလည်း ပါဝင်သည်။ လေ့ကျင့်ရေးတပ်မဟာ၏ အမည်ကိုမသိစေရန် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ၎င်းဓာတ်ပုံများအားပြုပြင်ထားသည်။

တာဝန်ပေးမည့် လေယာဉ်ယူနစ်ကို အတည်ပြုရာတွင်သုံးသော နံပါတ်စဉ်များကို မှုန်ဝါးထားသောအလေ့အထသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးလေတပ် (PLAAF) ၏ တရားဝင်ထုတ်ပြသော ဓာတ်ပုံများတွင် မြင်ရလေ့ရှိပြီးJ-6 တိုက်လေယာဉ်များ တပ်တော်ဝင်နေဆဲဖြစ်ကြောင်းကို ညွှန်ပြသည်။

အဆိုပါ တိုက်လေယာဉ်သည် ဆိုဗီယက် Mikoyan-Gurevich MiG-19 ကြားဖြတ်တိုက်လေယာဉ်၏ တရုတ်ပုံစံ ပြင်ဆင်ထားခြင်းဖြစ်သည်။ လူမောင်းနှင်သည့် Mikoyan-Gurevich MiG-19 ကို ၂၀၁၀ ပြည့်နှစ်တွင် PLAAF မှ တရားဝင်အနားပေးခဲ့သည်။

ထိုနောက်ပိုင်း J-6 တိုက်လေယာဉ်များကို ထိုင်ဝမ်တစ်ဖက်ကမ်း တရုတ်ကမ်းရိုးတန်းပြည်နယ်များရှိ အခြေစိုက်စခန်း ၂ ခုတွင် ဂြိုဟ်တုဓာတ်ပုံအများအပြားမှတစ်ဆင့ တွေ့မြင်ရသည်။ ဖူဂျီယန်ပြည်နယ်လီယန်ချန်ကောင်တီနှင့် အနီးကွမ်တုံပြည်နယ် ရှင်နင်းခေါ် ယန်တန်းလီကောင်တီတို့ရှ ိလေတပ်အခြေစိုက်စခန်းများ၌ အဆိုပါ တိုက်လေယာဉ်များကိုသေသေသပ်သပ် စီရီထားရှိသည်။

စက်တင်ဘာ ၁၅ ရက်က ရိုက်ကူးထားပြီး ကာကွယ်ရေးသတင်းတွင်ဖော်ပြထားသော လီယန်ချန်ကောင်တီ၏ ဂြိုဟ်တုဓာတ်ပုံတွင် မြေပြင်ပေါ် J-6 အစီးပေါင်း ၅၀နှင့် ၎င်းတို့အနက် ၉ စီးကိုအနီးရှိ ၇ ၈၃၀ ပေရှည်သောလေယာဉ်ပြေးလမ်းပေါ်တွင် တွေ့ရသည်။

ရှင်နင်းကောင်တီအတွက် နောက်ဆုံးအခြေအနေဓာတ်ပုံကို မတွေ့ရသော်လည်း ၂၀၂၀ ဧပြီကရိုက်ကူးထားသောဂြိုဟ်တုဓာတ်ပုံတွင် အခြေစိုက်စခန်း၌ J-6 တိုက်လေယာဉ် ၂၉ စီးကို တွေ့ခဲ့ရသည်။ Google Earth မှ ထုတ်ပြန်သည့် ဂြိုဟ်တုဓာတ်ပုံဟောင်းတွင် ၂၀၁၃ ခုနှစ်၊ မတ်လ၊ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာနှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလများတွင် မြေပြင်ပေါ်၌ ဖြေးဖြေးမောင်းနှင်နေသော တိုက်လေယာဉ်များကိုတွေ့ရသည်။

နှစ်ပေါင်းများစွာက ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံများတွင် အခြေစိုက်စခန်းအမျိုးမျိုး၌ရှိသော တိုက်လေယာဉ်များကို တွေ့ရကာ အဆိုပါလေယာဉ်များမှာလက်ရှိတွင် လှုပ်ရှားနေပြီး ချောင်ထိုးထားခြင်းမရှိပေ။

လီယန်ချန်နှင့်ရှင်နင်းကောင်တီတို့သည် ထိုင်ဝမ်မှ ၂၇၅ မိုင်ဝေးပြီး J-6 ပျံသန်းနိုင်သောအကွာအဝေးတွင် ရှိနေသည်။

တရုတ်က မောင်းသူမဲ့ J-6တိုက်လေယာဉ်အဖြစ်အသွင်ပြောင်းခြင်းကို တရားဝင် အသိပေးခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly