မြန်မာတွင် အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိဟု ကုလ အကြီးအကဲ ပြော

မြန်မာတွင် အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိဟု ကုလ အကြီးအကဲ ပြော
Photo - AFP

အောက်တိုဘာ ၂၂

မြန်မာ၊ အီသီယိုးပီးယား၊ ယီမင် အပါအဝင် ကမ္ဘာ့နိုင်ငံအချို့တွင် အမျိုးသမီးများ၏ အခွင့်အရေးများ ချိုးဖောက်ခံနေရမှု သို့မဟုတ် လုံးလုံးလျားလျား ပယ်ဖျက်ခံရမှုတို့ ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောသည်။

ယင်းအတွက်ကြောင့် အမျိုးသမီးများ၏ အခွင့်အရေးများကို ခုခံကာကွယ်ရေးအတွက် ၎င်းက တောင်းဆို ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် တာလီဘန်လက်အောက် ရောက်ရှိသွားသည့် အာဖဂန်နစ္စတန်နှင့် ကမ္ဘာ့ကျန်နေရာဒေသတချို့တွင် အမျိုးသမီး အခွင့်အရေးများ လျော့ကျလာနေပြီး ယင်းအခြေအနေကို ပြောင်းပြန်ဖြစ်စေပြီး အမျိုးသမီးအခွင့်အရေးများ အပြည့်အဝ ရရှိရေး ကြိုးပမ်းကြရန် ကုလအကြီးအကဲက အောက်တိုဘာ ၂၁ ရက်တွင် ပန်ကြားခဲ့သည်။

“အမျိုးသမီးတွေ၊ မိန်းကလေးတွေတိုင်းအတွက် အခွင့်အရေးတွေ ချိုးဖောက်မခံရအောင် ကျွန်တော်တို့ ပြန်လည်ခုခံတွန်းလှန်ကြဖို့ လိုပါတယ်” ဟု ဂူတာရက်စ်က လုံခြုံရေးကောင်စီသို့ ပြောသည်။

“အမျိုးသမီးတွေဟာ သူတို့ရဲ့ အခွင့်အရေးတွေ ပယ်ဖျက်ခံရတာတွေကို လက်ခံကြတော့မှာမဟုတ်ပါဘူး၊ ပဋိပက္ခတွေ ရှိနေတဲ့ နိုင်ငံတွေ ဒါမှမဟုတ် အခြားနိုင်ငံတွေမှာ ဒီလိုမျိုး အခွင့်အရေးတွေပယ်ဖျက်ခံရတာတွေကို သူတို့ လက်မခံသင့်ပါဘူး” ဟု ၎င်းက ပြောသည်။

“မာလီ နိုင်ငံမှာ ဆိုရင် ကိုးလအတွင်း အာဏာသိမ်းမှုနှစ်ကြိမ် ဖြစ်ပြီးနောက်မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် နေရာဟာ ကျုံ့သွားရုံတင်မက ပိတ်ပါ ပိတ်သွားနေပါပြီ” ဟု ၎င်းက ပြောခဲ့သည်။

“အာဖဂန်နစ္စတန်မှာ ဆိုရင်လည်း အမျိုးသမီးတွေ၊ မိန်းကလေးတွေ သူတို့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ရထားခဲ့တဲ့ အခွင့်အရေးတွေ အလျင်အမြန် ပယ်ဖျက်ခံရတာတွေကို ကြုံတွေ့နေရတယ်၊ စာသင်ခန်းထဲမှာ ထိုင်ဖို့ အခွင့်အရေး အပါအဝင်ပေါ့” ဟုလည်း ၎င်းက ပြောသည်။

ယင်းနိုင်ငံတွင် သြဂုတ်လကုန်ပိုင်းက တရားသေအယူ စွဲကိုင်သည့် တာလီဘန်တို့ ထိန်းချုပ်ခဲ့ပြီးနောက် အလယ်တန်းကျောင်းများတွင် မိန်းကလေးများကို ကျောင်းပြန်တက်ခွင့် မပေးဘဲ ဖယ်ချန်ထားခဲ့သလို ယောကျ်ားလေးများကိုသာ စာသင်ခန်းထဲ ပြန်သွားခွင့် ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly