ဘင်္ဂလား နယ်စပ် ကုန်စည်တင်ပို့မှု ပြန်လည် ဖွင့်လှစ်

By သတင်းနှင့် မီဒီယာ ကွန်ရက်
22 October 2021
ဘင်္ဂလား နယ်စပ် ကုန်စည်တင်ပို့မှု ပြန်လည် ဖွင့်လှစ်

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်များတင်ပို့မှုကို အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းမှ စတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟု နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများ က ပြောသည်။

ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းတို့ကို ကိုဗစ်ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ ယာယီ ပိတ်ထားခဲ့ရာမှ ယခုအခါ အမှတ် (၁) အဝင်အထွက် စခန်း (POE)မှ ပြန်လည် ဖွင့်လှစ် လိုက်ခြင်း ဖြစ်သည်။

“ကုန်တွေ ပြန်ပြီးတင်ပို့ခွင့်ရတော့ ဝမ်းသာတာပေါ့။ ပြန်ဖွင့်ပေးဖို့ အချိန်တွေ ကြန့်ကြာခဲ့တာတွေ ရှိတော့ ဆုံး ရှုံးမှုတွေလည်း ရှိခဲ့ပါတယ်” ဟု ကုန်သည်တစ်ဦးဖြစ်သည့် ကိုသာခိုင် က ပြောသည်။

သုံးလခန့် ရပ်နားထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြည်ထောင်စုအဆင့် မှ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ တင်ပို့သည့် အဓိကပို့ကုန်များမှာ ငါးမြစ်ချင်း၊ ဇီးယို၊ ကွမ်းသီး၊ ငါးခြောက်၊ အထည်လိပ်၊ မာမီးခေါက်ဆွဲ၊ ကော်ဖီမစ်များ၊ ကြက်သွန်နီနှင့် မီးဖိုချောင်သုံး ပစ္စည်းများ ပါဝင်သည်ဟု ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ယာယီပိတ်ထားခဲ့ရသည့် အချိန်ကာလအတွင်း ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ သိန်းခန့် နစ်နာခဲ့သည် ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးတင်အောင်ဦး က ပြောသည်။

ကုန်သွယ်မှုပြုရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့် အညီဆောင်ရွက်သွားကြရန်နှင့် ဘင်္ဂလားဒေ့ရှ်ဖက်မှ ကုန်

သွယ်၍ ပြန်လာသူများ Quarantine ဝင်နိုင်ရန် အတွက် POE Quarantine center များ ပြုလုပ်ထားရန် ရခိုင်

ပြည်နယ်စစ် ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း က ညွှန်ကြားထားသည်။

ရခိုင်ပြည်နယ်ထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်း၊ ကညင်ချောင်း စီးပွားရေးဇုန်နှင့် ရွှေမင်းဂံကုန်သွယ်ရေး စခန်းတို့ ရှိသည်။

မောင်တောမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်ရာတွင် အမေရိကန်ဒေါ်လာ တစ်ခုတည်းဖြင့်သာ ကုန်သွယ်ခွင့်ပြု ထားပြီး တစ်နေ့လျှင် ဒေါ်လာတစ်သန်းအထိ ကုန်သွယ်မှုပြုနိုင်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly