ခိုတောင် လူသတ်မှုတွင် မြန်မာနှစ်ဦးအား ထိုင်းတရားရုံး သေဒဏ်ချမှတ်

ခိုတောင် လူသတ်မှုတွင် မြန်မာနှစ်ဦးအား ထိုင်းတရားရုံး သေဒဏ်ချမှတ်
အမိန့်မချမီတွေ့ရသည့် မြန်မာလုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်း နှင့် ဝေဖြိုး။ (ဓာတ်ပုံ-အီးပီအေ)
 

၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံ ခိုတောင်ကျွန်းက ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် တရားစွဲဆိုထားသည့် မြန်မာနှစ်ဦးအား ထိုင်းတရားရုံးက အပြစ်ရှိကြောင်း တွေ့ရှိသည်ဆိုကာ ဒီဇင်ဘာ ၂၄ ရက်တွင် သေဒဏ်ချမှတ်လိုက်သည်။

ခိုတောင်လူသတ်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ၊ တရားရုံးကြားနာမှုများတွင် ရဲ၏ မကျွမ်းကျင်မှုများ၊ သက်သေခံများကို မှားယွင်းစွာ ကိုင်တွယ်ခြင်းများနှင့် သံသယတရားခံဖမ်းဆီးထားသူများအပေါ် နှိပ်စက်ညှင်းပန်းမှုများ ရှိနေသည့်ဆိုသည့် အငြင်းပွားမှုများ ကြားက ယခုကဲ့သို့ သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ ယင်းအပြင် ၎င်းတို့နှစ်ဦးကို ခိုးမှုနှင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုတို့အတွက် ထောင်ဒဏ် နှစ်နှစ်စီ အသီးသီးချမှတ်လိုက်သေးသည်။

“ဒီနေ့ ၉ နာရီကနေစပြီး တရားစီရင်ချက်ကို ဖတ်ပြတယ်။ တရားသူကြီးကတော့ အထောက်အထားတွေ ပိုပြီးတော့ ယုံကြည်တယ်။ အဲဒီအတွက် အပြစ်ရှိတယ်ဆိုပြီး အမိန့်ချတယ်။ ပုဒ်မ တခုချင်းစီအတွက် တခုချင်းဆီခွဲထားပေမဲ့လည်း ပြစ်ဒဏ်ထဲမှာ သေဒဏ်ပါတဲ့အတွက် နောက်ဆုံး တပေါင်းတည်းအနေနဲ့ သေဒဏ်ကို ချမှတ်လိုက်တာပေါ့နော်”ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်(MWRN) က ဥက္ကဋ္ဌ ဦးစိန်ဌေးက မဇ္ဈိမကို ပြောသည်။

ကိုဇော်လင်းနှင့် ဝေဖြိုးတို့က ကော့စမွေထောင်သို့ ပြန်သွားပြီ ဖြစ်ကြောင်း “ကောင်လေးနှစ်ယောက်လုံးကတော့ အမှန်တရားဆိုတာ တစ်နေ့ ကျရင် အဖြေမှန်ပေါ်လာမှာပါဆိုပြီးပြောတယ်”ဟု သူက ပြောသည်။

၂၀၁၄ စက်တင်ဘာက ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲအား အမျိုးသမီးဖြစ်သူကို မုဒိမ်းကျင့်ကာ နှစ်ဦးစလုံးအား သတ်ဖြတ်ခဲ့မှုဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝေဖြိုး (ခေါ်) ကိုဝင်းဇော်ထွန်းတို့အား ဖမ်းဆီးခဲ့ပြီး ယခုတွင် တရားရုံးက သေမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Ref: Reuters, Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly