ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၇ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၇ ဦး သေဆုံး
Photo - AFP

အောက်တိုဘာ ၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခုမှာ ရှိတဲ့ အစ္စလမ္မစ် ကျမ်းစာသင်ကျောင်းတစ်ကျောင်းမှာ အောက်တိုဘာ ၂၂ ရက်က သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ခုနစ်ဦးထက်မနည်း သေဆုံးပြီး လူတချို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်သူတွေဟာ လူတချို့ကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး အခြားလူတချို့ကိုတော့ ဓားတွေနဲ့ ထိုးခဲ့တယ်လို့ ဒေသရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှ ဒုက္ခသည် ၉၀၀,၀၀၀ ကျော် ရောက်ရှိနေထိုင်လျက် ရှိတဲ့ အဆိုပါ ကမ့်စခန်းတွေမှာ ပြီးခဲ့တဲ့ သုံးပတ်ခန့်အကြာက ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦး ၎င်းရဲ့ ရုံးအပြင်ဘက်မှာ ပစ်သတ်ခံရမှု ဖြစ်စဉ် ဖြစ်ပြီးနောက် တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ယခု သတ်ဖြတ်မှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

သောကြာနေ့ တိုက်ခိုက်မှုဟာ တိုက်ခိုက်ခံရသူ လေးဦးဟာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြား သုံးဦးကတော့ ဘာလုခါလီ ကမ့်စခန်းရှိ ဆေးရုံတစ်ရုံ အရောက်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ လူဘယ်နှစ်ယောက် ဒဏ်ရာရသလဲ ဆိုတာကိုတော့ ရဲတွေက မပြောခဲ့ပါဘူး။

“ဒီ ဖြစ်စဉ် ဖြစ်ပြီးနောက် ချက်ချင်းပဲ တိုက်ခိုက်သူတစ်ယောက်ကို ကျွန်တော်တို့ ဖမ်းမိခဲ့ပါတယ်” ဟု လက်နက်ကိုင် ရဲတပ်ရင်းတစ်ခုရဲ့ ဒေသဆိုင်ရာ အကြီးအကဲ ရှီဟက်ဘ် ကိုင်ဆာ ခန်က သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါ ဖမ်းမိတဲ့ အမျိုးသားနဲ့အတူ သေနတ်တစ်လက်၊ ကျည်ဆံခြောက်တောင့်၊ ဓားတစ်လက်တို့ကို ရှာတွေ့ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

ရိုဟင်ဂျာ အခွင့်အရေးတွေအတွက် ဦးဆောင်လှုပ်ရှားခဲ့သူ မိုဟစ်ဘ် အူလာကို ဘယ်သူဘယ်ဝါ မသိရတဲ့ လုပ်ကြံသူတွေက သတ်ဖြတ်ခဲ့ပြီးနောက် ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူ အများအပြား ပုန်းအောင်းနေကြလျက် ရှိပါတယ်။

တက်ကြွလှုပ်ရှားသူတချို့ကတော့ သတ်ဖြတ်မှုအတွက် အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် ARSA အဖွဲ့ကို ပြစ်တင်ထားခဲ့ပါတယ်။ အဆိုပါ ARSA အဖွဲ့ဟာ ၂၀၁၇ ခုနှစ်က မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့မှုတွေရဲ့ နောက်ကွယ်ရှိ စစ်သွေးကြွအဖွဲ့ဖြစ်ပြီး ယင်းရဲ့ တိုက်ခိုက်မှုတွေနောက်ပိုင်း မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာမှာ ရိုဟင်ဂျာ ၇၄၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်ဘက် စုပြုံဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ အဖွဲ့ကတော့ ယင်းအပေါ် စွပ်စွဲချက်တွေကို ငြင်းဆန်ပယ်ချထားပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်ကမ့်စခန်းတွေအတွင်း အကြောက်တရားတွေ တိုးလာနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ လုံခြုံရေးကို ပိုမိုတင်းကျပ်ထားပြီး ယခုနောက်ဆုံး ပေါ်ပေါက်တဲ့ ပစ်ခတ်မှုရဲ့ အကြောင်းရင်းတွေကို စုံစမ်းစစ်‌ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly