မြန်မာတွင် ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်သွားနိုင်မည့် အခွင့်အလမ်း နည်းပါးလာနေပြီဟု ကုလ အထူးသံတမန် သတိပေး

မြန်မာတွင် ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်သွားနိုင်မည့် အခွင့်အလမ်း နည်းပါးလာနေပြီဟု ကုလ အထူးသံတမန် သတိပေး

အောက်တိုဘာ ၂၂

မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်တစ်ခုအတွင်း ကျရောက်ထားခဲ့ပြီ ဖြစ်ပြီး နိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဆီ ပြန်သွားနိုင်မည့် အခွင့်အလမ်းများ နည်းပါးလာနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က အောက်တိုဘာ ၂၁ ရက်တွင် သတိပေးပြောကြားသွားခဲ့သည်။ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများ ထပ်မံလုပ်ဆောင်ခြင်းက အသုံးဝင်နိုင်သည်ဟု ၎င်းက အရိပ်အမြွက် ထုတ်ဖော်ခဲ့သည်။

မြန်မာဆိုင်ရာ ကုလအထူးသံတမန်အဖြစ် သုံးနှစ်ခွဲကျော် ထမ်းဆောင်ခဲ့ပြီးနောက် မကြာမီ တာဝန်ကနေ ထွက်ခွာတော့မည့် ခရစ္စတင်း ရှရန်နာ ဘာဂျီနာက ဇွန်လက ကုလအထွေထွေညီလာခံသို့ ပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံ၌ ဖေဖေါ်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားရွေးကောက်ခံ အစိုးရခေါင်းဆောင်များကို ထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ကြီးမားသည့် ပြည်တွင်းစစ်တစ်ခုနှင့် အမှန်တကယ် ကြုံတွေ့ရနိုင်သည့် အန္တရာယ်ရှိကြောင်း ပြောခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာတွင် ပြည်တွင်းစစ်တစ်ခု ဖြစ်နေပြီလားဟု အောက်တိုဘာ ၂၁ ရက်က မေးမြန်းခံရစဉ် သူမက “နိုင်ငံတကာ ဥပဒေ အသုံးအနှုန်းအရ ကျွန်မတို့ဟာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခလို့ သုံးပါတယ်၊ လက်ရှိမှာ ဒီ အသုံးအနှုန်းကို ကျွန်မ သုံးပါမယ်” ဟု ပြောခဲ့သည်။

ထို့ပြင် အစိုးရများနှင့် ကုလသမဂ္ဂ တို့အနေဖြင့် အာဏာသိမ်းစစ်အုပ်စုကို တရားဝင် လက်ခံအသိအမှတ်ပြုကြောင်း မပြသရန်နှင့် လွန်ခဲ့သည့် တစ်နှစ်အကြာက ဒေါ်အောင်ဆန်းစုကြည် အစိုးရကို မဲပေးရွေးချယ်ထားခဲ့သည့် မြန်မာပြည်သူများ၏ ဆန္ဒကို ကာကွယ်စောင့်ရှောက်ပေးရန် “အင်မတန် အရေးကြီးသည်” ဟု သူမက ပြောသည်။

ကုလသမဂ္ဂတွင်လည်း ကုလဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်နေရာအတွက် အပြိုင်လျှောက်ထားမှုနှင့် ရင်ဆိုင်ထားရသည်။ အဆိုပါ ကုလဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် စစ်ကောင်စီ အဆိုပြုသူကို လက်ခံမလား၊ သို့မဟုတ် ရွေးကောက်ခံအစိုးရက ခန့်သည့် လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက် လက်ခံမလား ဆိုသည်ကို နှစ်ကုန်ပိုင်းတွင် အဖွဲ့ဝင်နိုင်ငံများက ဆုံးဖြတ်ချက်တစ်ခု ချသွားရန် ရှိနေသည်။

မြန်မာအာဏာသိမ်းစစ်တပ်သည် အ‌ပေးအယူ ညှိနှိုင်းလုပ်ဆောင်ရန် သို့မဟုတ် ဆွေးနွေးညှိနှိုင်းအဖြေရှာရန် စိတ်ဝင်စားခြင်း မရှိဟု ရှရန်နာ ဘာဂျီနာက ပြောသည်။ ယင်းအတွက်ကြောင့် “မြန်မာတွင် ဒီမိုကရေစီ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းဆီ ပြန်လည်ထားရှိနိုင်မည့် အခွင့်အလမ်းက နည်းပါးလာနေပြီ ဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံများဘက်က ထိထိရောက်ရောက် တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရေး မိမိ တိုက်တွန်းလိုသည်” ဟု သူမက ပြောသည်။

အာဏာသိမ်းမှု၊ ဒီမိုကရေစီ လိုလားသော ဆန္ဒပြပွဲများအပေါ် ဖိနှိပ်ဖြိုခွင်းပြီး လူရာပေါင်းများစွာ သေဆုံးစေခဲ့မှု တို့အတွက် စစ်အာဏာသိမ်းအုပ်စုအပေါ် အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများက ဒဏ်ခတ်အရေးယူမှုများ ချမှတ်ထားခဲ့သည်။ အကယ်၍ နောက်ထပ်နိုင်ငံများက ပစ်မှတ်ထား ဒဏ်ခတ်မှုများ ချမှတ်ပါက ထိရောက်မှုတစ်ခု ရှိနိုင်ဟု သူမက ပြောခဲ့သည်။

မြန်မာပြည်သူများသည် အာဏာသိမ်းမှုကို ဆက်လက် ဆန့်ကျင်တော်လှန်သွားကြလိမ့်မည်ဟု သူမ လေ့လာသုံးသပ်ထားမိကြောင်း ဘာဂျီနာက ပြောသည်။ မြန်မာနိုင်ငံမှ လူအများအပြားက “မိမိတို့သည် စစ်အာဏာရှင်အစိုးရသစ်တစ်ရပ်ကို လက်ခံမည့်အစား အသက်သာ အသေခံလိုက်မည်” ဟု သူမထံ စာရေးသားပြောဆိုမှုများ ရှိခဲ့သည်ဟု ဘာဂျီနာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required