ဘောလုံးအားကစားကို လေ့ကျင့်သင်ယူနေကြသည့် ကက်ရှ်မီးယား မိန်းကလေးများနှင့် ၎င်းတို့၏ အိပ်မက်များ

By Dailysikh
21 October 2021
ဘောလုံးအားကစားကို လေ့ကျင့်သင်ယူနေကြသည့် ကက်ရှ်မီးယား မိန်းကလေးများနှင့် ၎င်းတို့၏ အိပ်မက်များ

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေရှိ ကက်ရှ်မီးယား ဘောလုံးကလပ်သည် လက်ရှိတွင် ယောကျ်ားလေးများကိုသာမက မိန်းကလေးများကိုလည်း ဘောလုံးအားကစားနည်း လေ့ကျင့်သင်ကြားပေးလျက် ရှိသည်။ အဆိုပါ ဘောလုံးကလပ်တွင် မိန်းကလေးများကို လေ့ကျင့်ပေးနေမှုက အဆိုပါ မိန်းကလေးများ၏ အနာဂတ်အတွက်သာမကပဲ ကက်ရှ်မီးယားရှိ အမျိုးသမီးထုတစ်ရပ်လုံး၏ အနာဂတ်အတွက်ပါ ရည်ရွယ်ထားလျက် ရှိသည်။

နေ့စဥ် နေ့တိုင်း အဆိုပါ မိန်းကလေးများသည် ဘောလုံးကွင်း၌ သွေးပူလေ့ကျင့်ခန်း လုပ်ပြီး အခြေခံ ဘောလုံးပညာများနှင့်အတူ ပို၍ ရှုပ်ထွေးသော ဘောလုံးအလိမ်အခေါက် နည်းစနစ်များကိုလည်း သင်ကြားကြသည်။

အဆိုပါ မိန်းကလေးများ တချိန်ချိန်တွင် နိုင်ငံ ကိုယ်စားပြုအဆင့်နှင့် နိုင်ငံတကာ အဆင့်တစ်ခု၌ ပါဝင်ကစားနိုင်စေရေး ဆိုသည့် အိပ်မက်များ လက်တွေ့ဖြစ်လာစေရန်နှင့် အားကစားကို အသက်မွေးမှုအလုပ်တစ်ခုအနေဖြင့် လိုက်စားရန် ဆန္ဒရှိသည့် အခြားသော အမျိုးသမီးများအတွက်လည်း အားပေးလှုံ့ဆော်နိုင်စေရန်အတွက် နေ့စဥ်နေ့တိုင်းဆိုသလို ဘောလုံးနည်းပြနှင့် ကစားသမားများသည် ကွင်းထဲ၌ ထပ်တူထပ်မျှ ကြိုးစားပမ်းစား အလုပ်လုပ်နေကြသည်။

ဤ ဘောလုံးအကယ်ဒမီကျောင်းသည် မိန်းကလေးများ ဘောလုံးသမားများအဖြစ် ၎င်းတို့၏ အိပ်မက်များ ပြည့်လာစေရန် ၎င်းတို့ အပြင်းအထန် အလုပ်လုပ်နိုင်သည့် နေရာတစ်ခုအဖြစ်သာမက အဆိုပါ ဘောလုံးကစားသူမိန်းကလေးများ ၎င်းတို့၏ အရည်အချင်းများကို ထုတ်ဖော်နိုင်မည့် ပလက်ဖောင်းတစ်ခုအဖြစ်သော်လည်းကောင်း၊ မိန်းကလေးများလည်း ယောကျ်ားလေးများနည်းတူ အားကစား၌ ထူးချွန်ကြောင်း ပြသနိုင်မည့် ပလက်ဖောင်းတစ်ခုအဖြစ်သော်လည်းကောင်း အသုံးတော်ခံလျက် ရှိသည်။

ယင်းဘောလုံးအကယ်ဒမီသည် ကနဦးပိုင်းက ယောကျ်ားလေးများကိုသာ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း နည်းပြဖြစ်သည့် နာဒီယာက ပြောသည်။

“ဒီ ဘောလုံးအကယ်ဒမီက ပြီးခဲ့တဲ့ ၇ နှစ်လောက်က စတည်ထောင်ခဲ့တာပါ၊ ကနဦးပိုင်းမှာတော့ ယောက်ျားလေးတွေကိုပဲ လေ့ကျင့်သင်ကြားပေးရင်း စခဲ့တာပေါ့၊ မိန်းကလေးတွေကလည်း အစပိုင်းမှာ ဒီကို မလာကြဘူးလေ၊ အဲဒီနောက် ဒီအကယ်ဒမီဟာ နာမည်ဂုဏ်သတင်းတွေ ရလာခဲ့ပြီး ပြိုင်ပွဲအတော်များများမှာလည်း အနိုင်ရခဲ့ပါတယ်၊ ၂၀၁၈-၁၉ မှာ ဒီအကယ်ဒမီမှာ အမျိုးသမီးတွေကို လေ့ကျင့်ပေးဖို့ စလုပ်ခဲ့ပေမယ့် COVID-19 ကပ်ရောဂါကြောင့် အစီအစဥ်တွေကို ရပ်ထားခဲ့ရပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ သုံးလအတွင်းမှာတော့ မိန်းကလေးတွေကို ဘောလုံးကစားနည်း သင်ကြားပေးနေခဲ့ပါပြီ၊ ကောင်းမွန်တဲ့ တုံ့ပြန်မှုတစ်ခုလည်း ရထားပါတယ်၊ အသက် ၂၈-၃၀ အကြား မိန်းကလေးတွေ ဒီကိုလာကြပါတယ်၊ ယုတ်စွအဆုံး မိဘတွေကတော့ ကောင်းတဲ့ တုံ့ပြန်ချက်တွေ အများအပြား

ပေးထားခဲ့ပါတယ်၊ ကက်ရှ်မီးယားရဲ့ ဘောလုံးမြင်ကွင်းကို တိုးတက်စေချင်ပါတယ်၊ မိန်းကလေးတွေဟာ အရည်အချင်း အများအပြား ရှိပေမယ့် သူတို့ကို မြေတောင်မြှောက်ပေးနိုင်တဲ့ ပလက်ဖောင်း မရှိဘဲ ဖြစ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

အားကစားသမားများသည်လည်း အားကစားနှင့်အတူ အကယ်ဒမီ၏ တစိတ်တပိုင်းအဖြစ် ပါဝင်ခွင့်ရသည့်အပေါ် အလွန် ဝမ်းသာနေကြသည်။

“ကျွန်မ ဘောလုံးကန်ရတာ ကြိုက်တယ်၊ အရင်ကဆို ဘောလုံးအကယ်ဒမီတွေမှာ ယောကျ်ားလေးတွေ ကစားတာကိုပဲ ကြည့်နေခဲ့ရတယ်၊ အဲဒီအချိန်တုန်းက မိန်းကလေးတွေ ဘာကြောင့် ဒီအားကစားကို မကစားနိုင်ရတာလဲ၊ မိန်းကလေး ဘောလုံးနည်းပြတွေ ဘာကြောင့် မရှိတာလဲ ဆိုပြီး တွေးခဲ့မိတယ်၊ ဒီ ပလက်ဖောင်းကတော့ ကျွန်မတို့ရဲ့ အရည်အချင်းတွေကို ကမ္ဘာကို ပြသနိုင်အောင် ကူညီပေးနိုင်တဲ့ နေရာဖြစ်ပါတယ်၊ ကျွန်မတို့ဟာ နိုင်ငံ ကိုယ်စားပြုပြီး နိုင်ငံတကာ လယ်ဗယ်မှာ ပါဝင်ယှဥ်ပြိုင်ချင်ပါတယ်၊ ကျွန်မတို့ အလုပ်ကြိုးစားလုပ်နေသလို နည်းပြကလည်း ကြိုးစားနေပါတယ်၊ ဒီအကယ်ဒမီက မိန်းကလေးတွေအတွက် အကျိုးကျေးဇူး အများကြီး ပေးပါတယ်” ဟု ဟာနီယာ အမည်ရ ကစားသမားတစ်ဦးက ပြောသည်။

“ကျွန်မတို့ရဲ့ အရည်အချင်းတွေကို ကမ္ဘာကို ပြသနိုင်ဖို့အတွက် ကူညီပေးနိုင်မယ့် ပလက်ဖောင်းတစ်ခုကို ကျွန်မတို့ အမြဲမျှော်လင့်ခဲ့ရတယ်၊ ယောကျ်ားလေးတွေ ဒီကစားနည်း ကစားနိုင်တယ်ဆိုရင် ဘာလို့ မိန်းကလေးတွေကရော မကစားနိုင်ရမှာလဲ ၊ ကျွန်မတို့ ပိုပြီး ကောင်းကောင်း ကစားလို့ ရနိုင်စေမယ့် ပလက်ဖောင်းတစ်ခု ပေးဖို့ အစိုးရကို တိုက်တွန်းပါတယ်၊ ကျွန်မတို့ အကောင်းဆုံးကြိုးစားလုပ်နေသလို နည်းပြဖြစ်သူကလည်း ကြိုးစားနေပါတယ်၊ မိန်းကလေးတွေအားလုံး ဘောလုံးကစားနိုင်ပြီး အိန္ဒိယကို ကိုယ်စားပြုနိုင်ဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်၊ ကျွန်မတို့ အကျိုးကျေးဇူးတွေ ရထားသလို အများကြီးလည်း သင်ယူထားနိုင်ပါတယ်၊ ပြည်သူတွေရဲ့ စိတ်ခံယူချက်တွေလည်း ပြောင်းလဲမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု အခြားကစားသမားတစ်ဦးဖြစ်သည့် ဇိုင်နက်ဘ်ကလည်း ပြောသည်။

အခြားကစားသမားတစ်ဦးဖြစ်သည့် မာဖိ ကလည်း အကယ်ဒမီတွင် သင်ကြားမှုများနှင့်ပတ်သက်ပြီး ပြောခဲ့သလို အခြားမိန်းကလေးများ အားကစား လိုက်စားလာစေရန် တိုက်တွန်းနိုင်ရေးအတွက် ယင်းကဲ့သို့ ဘောလုံးအကယ်ဒမီသင်တန်းများ အခြားဒေသများတွင်လည်း ဖွင့်လှစ်သင့်ကြောင်း ပြောခဲ့သည်။

“ကျွန်မ ဘောလုံးကစားနေရရင် အရမ်းပျော်နေမိတယ်၊ ဘာလို့လဲဆိုတော့ အသင်းအဖွဲ့ စိတ်ဓာတ်နဲ့ စုစည်းညီညွတ်မှုက ဘယ်လောက်အရေးကြီးတယ်ဆိုတာက ဒါက ကျွန်မတို့ကို သင်ကြားပေးလို့ ဖြစ်တယ်၊ အားကစားက ကျွန်မကို အများကြီး သင်ပေးခဲ့တယ်၊ အားကစားကနေတဆင့် ကျွန်မတို့စည်းကမ်းနည်းနာတွေ အများကြီး ရခဲ့ပါတယ်၊ အရင်ကဆို ယောကျ်ားလေးတွေပဲ အားကစားလုပ်ကြပြီး လူ့အဖွဲ့အစည်းမှာ ကျွန်မတို့ကို ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့တယ်၊ ဒါပေမယ့် ကျွန်မတို့ နည်းပြက မိန်းကလေးတွေကို လေ့ကျင့်သင်ကြားပေးပြီး ဘောလုံးကစားနိုင်စေမယ့် အစီအစဥ်ကို လုပ်ပေးခဲ့တယ်၊ ဒါကြောင့်လည်း ခုချိန်မှာ ကျွန်မတို့ ဒီမှာ ရှိနေတာပါ” ဟု သူမက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly