ဂျမူး-ကက်ရှ်မီးယားဒေသတွင် ထပ်မံဖြစ်ပွားလာသည့် တိုက်ခိုက်မှုများက အကြမ်းဖက်အဖွဲ့များ၏ ဗျူဟာသစ်ကို ဖော်ပြနေ

ဂျမူး-ကက်ရှ်မီးယားဒေသတွင် ထပ်မံဖြစ်ပွားလာသည့် တိုက်ခိုက်မှုများက အကြမ်းဖက်အဖွဲ့များ၏ ဗျူဟာသစ်ကို ဖော်ပြနေ

အိန္ဒိယနိုင်ငံ၏ ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် တိုက်ခိုက်မှုများ ပြန်လည် မြင့်တက်လာခြင်းသည် အစိုးရက ယင်းဒေသ၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများ၏ အလုပ်အကိုင်နှင့် အခြားအခွင့်အရေးများ တိုးတက်လာစေရန် ဒေသခံများ၏ လူနေမှုဘဝမြှင့်တင်ရေး ဆောင်ရွက်ချက်များကို အဟန့်အားဖြစ်စေရန် အကြမ်းဖက်အဖွဲ့အစည်းတို့၏ နည်းဗျူဟာဖြစ်ကြောင်း နိုင်ငံတော်ထောက်လှမ်းရေးအေဂျင်စီ၏ တွေ့ရှိချက်များတွင် ဖော်ပြထားသည်။

ဂျမူးနှင့် ကက်ရှ်မီးယားဒေသအား အထူးအုပ်ချုပ်ခွင့်ရဒေသအဖြစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် လျှော့ချခဲ့ပြီး နောက် ပြည်ထောင်စုနယ်မြေအတွင်းသို့ ထည့်သွင်းပြီးနောက် အစိုးရ၏ အစီအစဉ်များနှင့် ပတ်သက်၍ အကြမ်းဖက်သမားတို့က လုပ်ဆောင်မည့်ကိစ္စများအား ဝက်ဘ်ဆိုက်ဘလော့တစ်ခုတွင် စက်တင်ဘာ နောက်ဆုံးအပတ်က ဖော်ပြခဲ့သည်။ အဆိုပါ ဘလော့ဂ်ကို အီလက်ထရောနစ်နှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ အမိန့်ဖြင့် ဖြုတ်ချခဲ့သည်။

“ဘလော့ဂ်မှာ ပါဝင်တဲ့အကြောင်းအရာတွေက အကြမ်းဖက်အဖွဲ့တွေအကြား ပျံ့နှံ့သွားပြီး ယခုချိန်အထိ ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် အရပ်သား ၁၁ ဦး အသတ်ခံရပြီး သေဆုံးသွားသူတွေထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ါဝင်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အောက်တိုဘာ ၁၇ ရက်ကလည်း ကူးလ်ဂမ်အရပ်တွင် အကြမ်းဖက်သမားများသည် အငှားအိမ်ခန်း တစ်ခုအတွင်းသို့ ဝင်ရောက်ကာ ပစ်ခတ်ခဲ့ရာ ရွှေ့ပြောင်းအလုပ်သမား ၂ ဦး သေဆုံးပြီး အခြား အလုပ်သမားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်ရေးများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လွန်ခဲ့သည့် ၁၀ ရက်အတွင်း အကြမ်းဖက်သမား ၁၃ ဦးကို ရှင်းလင်းခဲ့သည်။ နိုင်ငံတော်ထောက်လှမ်းရေး အေဂျင်စီ (NIA ) ကလည်း လူ ၉ ဦးကို တားမြစ်ထားသည့်အဖွဲ့အစည်းများနှင့် ဆက်နွှယ်မှုဖြင့် ဖမ်းဆီးခဲ့သည်။

ဒေသခံမဟုတ်သည့် ဝန်ထမ်းများနှင့် နေထိုင်ခွင့်လက်မှတ်ရသူများကို ပစ်မှတ်ထား တိုက်ခိုက်ရန်၊ ဂျမူးနှင့် ကက်ရှ်မီးယားဖွံ့ဖြိုးရေး ဥပဒေသစ်အရ ဒေသခံမဟုတ်သူများအား အထူးသဖြင့် ဒေသခံများနှင့် ပူးပေါင်းကာ စီးပွားရေး လုပ်ငန်းထူထောင်ရန် ဆောင်ရွက်နေသည့် ပြည်ထောင်စုနယ်မြေပြင်ပမှ လုပ်ငန်းရှင်များကို မြေယာမပေးရန် အကြမ်းဖက်အဖွဲ့များကို ဖြုတ်ချလိုက်သည့် ဘလော့ဂ်တွင် တိုက်တွန်းထားကြောင်း သိရသည်။

ပစ်မှတ်ထား တိုက်ခိုက်မည့်သူများတွင် NIA အဖွဲ့ဝင်များ၊ ရဲများနှင့် ၎င်းတို့ကို ကူညီသူများ ပါဝင်သည်။ ကက်ရှ်မီးယားဒေသတွင် တာဝန်ထမ်းဆောင်နေသည့် အိန္ဒိယရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရးဝန်ထမ်းများအပါအဝင် နို်ငငံတွင်းရှိ အခြားဒေသများတွင်လည်း တိုက်ခိုက်သွားရန် ဘလော့ဂ်တွင် တိုက်တွန်းထားသည်။

ကက်ရှ်မီးယားဒေသရှိ ပညာရေးအဖွဲ့အစည်းများသို့ ကျောင်းသားများနှင့် ဝန်ထမ်းများ ပြင်ပမှ ဝင်ရောက်မလာရေးအတွက်လည်း တိုက်တွန်းထားသည်။ အဆိုပါ ဘလော့ဂ်အား ရေးသားသူကို သိရှိရန် ကျွမ်းကျင်သူများက စစ်ဆေးနေဆဲ ဖြစ်သည်။

အိန္ဒိယအစိုးရက ယခုနှစ် ဇူလိုင်လအထိ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၌ တရားဝင်နေထိုင်ခွင့်ပြုခဲ့သူ ၄၁ သိန်းတွင် အနောက်ပါကစ္စတန်မှ ဒုက္ခသည် ၅၆၀၀၀ ဦး၊ ဗယ်မီကစ် ၂၈၀၀ နီးပါးနှင့် ဂေါ်ရ်ခါး ၈၀၀ နီးပါး ပါဝင်သည်။ စက်မှုလုပ်ငန်းများ ထူထောင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို စွဲဆောင်ရန် ပြည်ထောင်စုနယ်မြေအတွင်း စက်မှုနှင့် ကုန်သွယ်ရေးဌာနသို့ မြေယာအများအပြားကိုလည်း လွှဲပြောင်းပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly