မှော်ဘီမြို့တွင် လေ့ကျင့်ရေးကွင်း တည်ဆောက်ရန် ရခိုင်အသင်းကြိုးပမ်း

မှော်ဘီမြို့တွင် လေ့ကျင့်ရေးကွင်း တည်ဆောက်ရန် ရခိုင်အသင်းကြိုးပမ်း
ကျိုက္ကစံလေ့ကျင့်ရေးကွင်း၌ ပြင်ဆင်မှုများပြုလုပ်နေသည့် ရခိုင်အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-RUFC)

ဒီဇင်ဘာ ၂၃၊ ရန်ကုန်။           ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းသည် အသင်း၏ လေ့ကျင့်ရေးကွင်းအတွက် ရန်ကုန်တိုင်း မှော်ဘီမြို့တွင် ကိုယ်ပိုင်လေ့ကျင့်ရေးကွင်း တည်ဆောက်နိုင်ရန် ကြိုးပမ်းပြင်ဆင်လျက်ရှိသည် ဟု ရခိုင်အသင်း မီဒီယာတာဝန်ခံ ကိုသက်ထူးနိုင်ဦးက ပြောသည်။

ရခိုင်အသင်းသည် လက်ရှိတွင် လာမည့် ၂၀၁၆ ဘောလုံးရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိပြီး   နိုင်ငံခြားသားကစားသမားသစ်  လေးဦးအပါအဝင်   ပြည်တွင်း ကစားသမားသစ်များကိုလည်း ခေါ်ယူအားဖြည့်ထားလျက်ရှိသည်။

“ ကျွန်တော်တို့အသင်းအနေနဲ့ ကိုယ်ပိုင်လေ့ကျင့်ရေးကွင်းတည်ဆောက်ဖို့ မှော်ဘီမှာ မြေနေရာရှာထားပါတယ်။ ခုလည်းရတော့ရနေပါပြီ။ မြေနေရာကို ခြံခတ်တာလောက်ပဲ လုပ်လို့ပြီးပါသေးတယ်။
ဘောလုံးကွင်းဆောက်ဖို့အတွက်တော့ ခွင့်ပြုမိန့်တို့ မြက်ခင်းပြန်လုပ်ဖို့တွေတော့ လိုပါသေးတယ်။ ဒုတိယအကျော့က မိုးတွင်းထဲဖြစ်နေတော့ လာမယ့်နှစ်လောက်တော့ ပြီးဖို့ မှန်းထားပါတယ်။
လာမယ့်နှစ်မှာ အသင်းအိမ်ကွင်းလည်း အပြီးသတ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အခုတော့ တော်တော်များများလည်း ပြီးသလောက်တော့ ရှိနေပါပြီ ” ဟု ရခိုင်အသင်း၏ အိမ်ကွင်း၊ ကိုယ်ပိုင်လေ့ကျင့်ရေးကွင်း ပြင်ဆင်ထားမှုနှင့် ပတ်သက်၍ ကိုသက်ထူးနိုင်ဦးက ပြောသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ၂၀၁၀ ခုနှစ်မှ စတင်ကာ မြန်မာနေရှင်နယ်လိဂ်၌ စတင်ယှဉ်ပြိုင်ကစားခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် လိဂ်-၂ သို့ တန်းဆင်းခဲ့ရသော်လည်း ၂၀၁၄ ခုနှစ်၌ တစ်နှစ်အတွင်း တန်းပြန်တက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည့် အသင်းတစ်သင်းဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly