ဧရာဝတီတိုင်းတွင် သတင်းသမားများနှင့် အထင်ကရ နိုင်ငံရေးခေါင်းဆောင်များ လွတ်မလာသေး

By သတင်းနှင့် မီဒီယာ ကွန်ရက်
21 October 2021
ဧရာဝတီတိုင်းတွင် သတင်းသမားများနှင့် အထင်ကရ နိုင်ငံရေးခေါင်းဆောင်များ လွတ်မလာသေး

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်။

ဧရာဝတီတိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းရာမှ ပြန်လွှတ်ပေးသူများတွင် သတင်းစာဆရာများ နှင့် နာမည်ကြီး နိုင်ငံရေးသမားများ မပါဝင်သေးဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နှင့် ၁၉ ရက်နေ့ နှစ်ရက်အတွင်း ဧရာဝတီတိုင်း အတွင်းရှိ အကျဉ်းထောင်များမှ ပုဒ်မ ၅၀၅ ဖြင့် ဖမ်းထားသူ ၂၀၇ ဦး ကို စစ်ကောင်စီ က ပြန်လည် လွှတ်ပေးခဲ့သည်။

"သူတို့က ကျနော်ကို သံသယနဲ့ အထောက်အထားမရှိဘဲ ဖမ်းပြီး ပုဒ်မ ၅၀၅ တပ်ထားတာ အပြစ်မရှိလည်း ဖမ်းတာ။ အခုလိုပြန်လွှတ်ပေးလည်း ကျေးဇူးတင်စရာအကြောင်း မရှိဘူး" ဟု ပြန်လွတ် မြောက်လာသူ တစ်ဦးကပြောသည်။

သို့သော်လည်း ဧရာဝတီတိုင်းအခြေစိုက် သတင်းသမားများ ဖြစ်ကြသည့် မြန်မာသံတော်ဆင့်မှ ကိုရဲရင့်ထွန်း (ပုသိမ်)၊ Delta News Agency မှ ကိုမျိုးစံစိုး(ဖျာပုံ) မလွှတ်သေးကြောင်း ဧ ရာဝတီတိုင်း အခြေစိုက် လွတ်လပ်သော သတင်းမီဒီယာ ကွန်ရက်က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ် အပါအဝင် တိုင်းလွှတ်တော်ကိုယ်စား လှယ် ၆ ဦး၊ မြောင်းမြမြို့တွင် အဖမ်းခံထားရသည့် ဆရာ/ဆရာမများ၊ ပရိဟိတသမားများလည်း ပြန်မလွှတ်ပေးသေးဘူး ဟု သိရသည်။

"စစ်ကောင်စီဟာ နိုင်ငံတကာနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကြပ်အတည်းကနေ သက်သာရာ သက်သာကြောင်း ပုဒ်မ ၅၀၅ တပ်ထားရတဲ့ သူတချို့ကို ဟန်ပြလွှတ်ပေးတာ" ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး က ပြော သည်။

ဧရာဝတီတိုင်းအတွင်းရှိ ထောင် ၅ ထောင် က ပုဒ်မ ၅၀၅ အကျဉ်းသား ၂၀၇ ဦး ကို လွှတ်ပေးခဲ့သော်လည်း မြို့ အသီးသီးရှိ အချုပ်ခန်းများ နတခ စစ်ကြောရေးစခန်း နှင့် ထောင် ၅ ထောင်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူ ၄၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly