ဒေါ်လာမှောင်ခိုရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ပါကစ္စတန်အမျိုးသားဘဏ် ဒုဥက္ကဋ္ဌ ထိန်းသိမ်းခံရ

ဒေါ်လာမှောင်ခိုရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ပါကစ္စတန်အမျိုးသားဘဏ် ဒုဥက္ကဋ္ဌ ထိန်းသိမ်းခံရ

ပါကစ္စတန်အမျိုးသားဘဏ် (NBP) ၏ ဒုဥက္ကဋ္ဌများအနက် တစ်ဦးကို ဒေါ်လာမှောင်ခို ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်နေမှုဖြင့် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (FIA) က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ အစိုးရအာဏာပိုင်တို့သည် ဘဏ်၏ ရုံးချုပ်ကို ဝင်ရောက်စီးနင်းမှုတစ်ခုလုပ်ဆောင်ခဲ့ပြီးနောက် NBP ဘဏ် ဒုဥက္ကဋ္ဌ ထိန်းသိမ်းခံလိုက်ရခြင်း ဖြစ်သည်။

စီးနင်းရှာဖွေမှုကို အောက်တိုဘာ ၁၆ ရက်ညပိုင်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အမျိုးသမီးတစ်ဦး အပါအဝင် ဘဏ်အရာရှိသုံးဦးက စီးနင်းမှုမတိုင်မီ ထွက်ပြေးသွားခဲ့ကြကြောင်း Samaa TV က ထုတ်လွှင့်ဖော်ပြသည်။

FIA သည် ဒေါ်လာ မှောင်ခိုရောင်းဝယ်မှုများကို တားဆီးရန် ကြိုးပမ်းလျက် ရှိပြီး နိုင်ငံတဝန်း လူအများအပြားသည်လည်း တရားမဝင် ငွေကြေး အရောင်းအဝယ်လုပ်မှု၊ ဒေါ်လာ မှောင်ခိုရောင်းဝယ်မှု စွဲချက်များဖြင့် ဖမ်းဆီးခံထားရသည်။

ထို စီးနင်းမှုသည် နိုင်ငံတွင် ဒေါ်လာငွေများ သိမ်းဆည်းသိုလှောင်မှုနှင့် မှောင်ခိုရောင်းဝယ်မှုတို့အပေါ် ကျယ်ပြန့်သည့် ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ်၏ တစိတ်တဒေသဖြစ်သည်ဟု သိရသည်။

အောက်တိုဘာ ၁၂ ရက်ကလည်း အာဏာပိုင်များသည် ကရာချိမြို့ရှိ ငွေလဲလှယ်မှုကုမ္ပဏီတစ်ခု၏ ရုံးများကို ဝင်ရောက်စီးနင်းခဲ့ပြီး လူ ရှစ်ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

တချိန်တည်းမှာပင် ပါကစ္စတန် အစိုးရအာဏာပိုင်များသည် ကန်ဒေါ်လာနှင့် ယှဥ်ပါက ပါကစ္စတန် ရူပီးငွေ တန်ဖိုး ကျဆင်းနေမှုကို ထိန်းချုပ်ရန် အစီအမံလုပ်ဆောင်ချက်တချို့ကို လုပ်ဆောင်လျက် ရှိသည်။

FIA သည်လည်း ဒေါ်လာ မှောင်ခိုရောင်းဝယ်မှုများကို တားဆီးရန် ကြိုးပမ်းလျက် ရှိသလို နိုင်ငံတဝန်း၌ တရားမဝင် ငွေကြေး အရောင်းအဝယ်လုပ်မှု၊ ဒေါ်လာ မှောင်ခိုရောင်းဝယ်မှု စွဲချက်များဖြင့် လူအများအပြားသည်လည်း ဖမ်းဆီးခံထားရသည်ဟု Samaa TV က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly