မိန်းမတွေကို ဒုတိယအတန်းအစားသာဖြစ်တယ်ဆိုတဲ့ အမြင်ပျောက်ဖို့ ပညာရေးက အဓိကကျတယ်လို့ ပြောတဲ့ Performance art ပညာရှင် မအိ

23 December 2015
မိန်းမတွေကို ဒုတိယအတန်းအစားသာဖြစ်တယ်ဆိုတဲ့ အမြင်ပျောက်ဖို့ ပညာရေးက အဓိကကျတယ်လို့ ပြောတဲ့ Performance art ပညာရှင် မအိ

ငယ်စဉ်ကတည်းက အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာမြင်ရင် မခံမရပ်နိုင် ဖြစ်ခဲ့ရသူ ခုလက်ရှိမှာလဲ အမျိုးသမီးတွေရဲ့ ခံစားချက်တွေ နစ်နာမှုတွေ ဖြစ်ပျက်နေတာတွေကို အနုပညာနဲ့ ဖော်ကျုးပြသနေသူ မအိရဲ့ ရုပ်ပုံလွှာကို တင်ဆက်ပေးပါအုံးမယ်ရှင်။

သူမှာဟာ အသက်၃၈နှစ်အရွယ်ရှိတဲ့ အမျိုးသမီး တစ်ယောက်ပါ။ အမည်ရင်းကတော့ မဝင်းအိအိလတ် ဖြစ်ပြီး  မအိလို့သာ လူသိများကြပါတယ်။ အမှန်တော့ မအိဟာ ပန်းချီလည်း ဆွဲသလို ဓာတ်ပုံလည်း ရိုက်ပါတယ်။ ဒါပေမယ့် သူမကို ပန်းချီဆရာမ၊ ဓာတ်ပုံဆရာမ တစ်ယောက်အနေနဲ့ အမျိုးသမီးများ အဖိနှိပ်ခံ ဘဝကို ပုံဖော်နေတဲ့ Performance art  တွေကို ပြုလုပ်သူ အနုပညာရှင် တစ်ယောက်အနေနဲ့ ပိုပြီးတော့ လူသိများပါတယ်။

Performance art  ကြောင်းကို စသိတာက ငယ်ငယ်တုန်းက ဖတ်ခဲ့တဲ့ စာတွေထဲမှာ အရင်သိခဲ့တာပေါ့နော်။ ဒါပေမယ့် ကြားပဲကြားဖူးတာ ဘာမှန်းမသိ ဘယ်လိုလုပ်ရမလဲ ဘယ်လို သင်ယူရမလဲ မသိ ၂၀၀၅ မှာ အစ်မတို့ရဲ့ စီနီယာပေါ့နော် မချောအိသိန်းနဲ့ ကိုထိန်လင်းနဲ့ Performance လုပ်ကြတယ်။ အဲဒီမှာ အဖမ်းခံရတာပေါ့။ အဲဒီသတင်းတွေက မဂ္ဂဇင်းမှာ ဖတ်ရတာပေါ့။ ဒါ Performance  ဆိုပါလားပေါ့နော်။

ဒါပေမယ့် အဲဒီအချိန်မှာ အဲတာ ဖတ်ပြီးတာနဲ့ သိသွားတယ်။ ဟာ ငါဒါလုပ်ချင်ပါလား။ ငါလုပ်ချင်တဲ့ ဟာ ဒါမျိုးပဲ ဆိုတာ သိလာတာပေါ့နော်။ ဒါပေမယ့် တကယ်တမ်း လုပ်ဖြစ်တဲ့ အချိန်မှာတော့ နည်းနည်းတော့ ကြာတယ်ပေါ့။ ကြာသွားတယ်ပေါ့ အဲဒီလောကထဲ တကယ်ရောက်တဲ့ အချိန်မှာ။ အစ်မ တကယ်စိတ်ဝင်စားတာက Philosophy တို့ Buddhism  တို့ စိတ်ဝင်စားတယ်။ အဲတာနဲ့ ပတ်သက်ပြီး ပိုလုပ်ချင်တယ်။

ဒါပေမယ့် မြန်မာလူမှုအသိုင်းအဝိုင်းထဲမှာ နေ့စဉ်တွေ့နေရတဲ့ မိန်းမတွေအတွက် မတရားဘူး အမျှတဘူးထင်ရတဲ့ အရာ အမြဲတမ်းတွေ့နေရတယ်။ တွေ့ရတော့ ငယ်ငယ်တုန်းကလည်း အဲဒီလို တွေ့ရ မြင်ရတော့ ကိုယ်စိတ်ထဲမှာ ရှိနေတာပေါ့နော်။ သူများတွေကတော့ သတိထားမိချင်မှ ထားမိမယ့် ဟာမျိုးလေးတွေကို အစ်မ က အမြဲတမ်း သတိထားမိတယ်။ ဒါဟာ မတရားဘူး။ ဆိုတာကို ငယ်ငယ်ကတည်းက အဲလိုမျိုးတွေ မြင်ခဲ့တော့ အခု Performance လုပ်တဲ့ အချိန်မှာ အဲတာတွေ ပြန်ပြီး တုန့်ပြန်နေမိတာ။ အမှန်တကယ်ကတော့ ပိုပြီး စိတ်ဝင်စားတာ ခုနက ပြောသလို အတွေးအခေါ်ပိုင်းတွေ ဘာသာရေးပိုင်းတွေ အဲလိုမျိုးကို ပိုပြီး စိတ်ဝင်စားတာ။

မအိဟာ ငယ်စဉ်က ထားဝယ်မြို့မှာပဲ ကြီးပြင်းခဲ့တာ ဖြစ်ပြီး မိမိပတ်ဝန်းကျင်မှာ တွေကြုံနေတဲ့ မြင်ကွင်းတွေကနေ  တစ်ဆင့် အမျိုးသမီးထုဘက်ကနေ အနုပညာနဲ့ လှုပ်ရှားဆောင်ရွက်ပေးဖို့ အကြောင်းဖန်လာတယ်လို့ ပြောပြပါတယ်။

ငယ်ငယ်တုန်းက ထားဝယ်မြို့ပေါ်မှာပဲ မွေးခဲ့တယ်။ ပထမနှစ် ပြီးတဲ့အထိ ထားဝယ်မှာကျောင်းတက်ခဲ့တယ်။ ဒုတိယနှစ်ကနေ ကျောင်းပြီးတဲ့ထိက အဝေးသင်ပဲ တက်ခဲ့ရတယ်။ Physics  နဲ့ကျောင်းပြီးတယ်။ အစ်မတို့ မိသားစုလေးကတော့ မရှိမရှား သာမန် မိသားစုလေးပါပဲ။ အရမ်းငယ်တုန်းကတော့ ရှိတာပေါ့နော်။ အရမ်းငယ်တုန်းက ကိုယ်ဘာဖြစ်ချင်လဲ ဆိုတာ သေချာမသိကြဘူး။ ဆရာဝန်ကောင်းတယ်ဆို ဆရာဝန်ဖြစ်ချင်တယ်။ အင်ဂျင်နီယာ ကောင်းတယ်ဆို အင်ဂျင်နီယာ ဖြစ်ချင်တယ်။ လူတိုင်းကတော့ အဲလို ဖြစ်ခဲ့တာပေါ့နော်။ သေသေချာချာ ဘာဖြစ်ချင်မှန်း မသိခင်က။

ဒါပေမယ့် အစ်မ ငယ်ငယ်ကတည်းက တကယ့်ကို ကလေးလေး သေးသေးလေး ဘဝကတည်းက ကိုယ့်ကိုကိုယ် artic  တစ်ယောက်လိုမျိုး ခံစားချက်က ရှိခဲ့တယ်။ ဒါကတော့ အသေချာပဲ နောက်ပြီးတော့ ငယ်ငယ်တုန်းက အိမ်နားမှာပေ့ါနော်။ ခုချိန်ထိမှတ်မိနေတယ်။ အိမ်နားမှာ ဒီအမျိုးမီးက သားသမီး လေးယောက်ရှိတယ်။ သူက စက်ချုပ်တယ်။ ဝင်ငွေလည်း ကောင်းတယ်။ အမျိုးသားက ဒီလိုပဲ အိမ်မှာ ဟိုလိုလို ဒီလိုလို ကလေးထိန်းသလို ဘာလိုလိုနဲ့ ကပ်နေတယ်။ ဒါပေမယ့် အဲဒီယောက်ျားက တစ်နေ့ကျတော့ ဘာလုပ်လဲဆိုတော့ အစ်မ အိမ်ပေါ်ကနေ လှမ်းမြင်နေရတယ်လေ။ လူလည်းခေါင်မှာ မိန်းမကို ဖြတ်ရိုက်လိုက်တာ။ ဟာ ဒီမိန်းမက သူအိမ်အတွက် ပိုက်ဆံလည်း ရှာတယ်။ အကုန်လုံးလည်း တာဝန်ယူတယ်။ မနက်ဆိုလည်း ဟင်းလဲ သူပဲ ချက်ရတယ်။  ဒီလိုမိန်းမ တစ်ယောက်ကို လူရှေ့မှာ ဒီလို ရိုက်ရသလားပေါ့။ ဒါပေမယ့် ဒီအချိန်ဆို ဒီအမျိုးသမီးက သူမေ့တောင် မေ့နေလောက်ပြီ ထင်တယ်။ ဒါပေမယ့် အစ်မ ခုချိန်ထိ မမေ့ဘူး။ ဒီလိုယောက်ျားတွေလဲ ရှိပါလားပေါ့။ ဒါသိပ်မုန်းဖို့ကောင်းတာပဲ။ 

အဲတာနဲ့ အစ်မ အမေ့ကို ပြောတယ်။ အမေ ဒီလူက ဒီလို ဒီလိုပဲ ဆိုတော့ အဲတာနဲ့ အမေကတော့ သိတယ် သိလား အစ်မကို ငယ်ငယ်လေးကတည်းကပေါ့နော်။ ဒီယောက်ျားတွေကို ဒီလို မုန်းတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် အဲလို ယောက်ျားတွေကို မုန်းခဲ့တယ်ဆိုတာ အမေကတော့ သိခဲ့တယ်ပေါ့။

Performance art  နဲ့ ပတ်သက်ပြီး သူမက ခုလိုရှင်းပြသလို သူမရဲ့ Performance art   တွေပြီးသွားတိုင်း ခံစားရတဲ့ ခံစားချက်တွေကို သူမက ခုလိုပြောပြပါတယ်။

Performance art  က မြန်မာပြည်ကို ရောက်တာ နည်းနည်း နောက်ကျတာပေါ့နော်။ ဟိုတခြား အနောက်နိုင်ငံတွေမှာကျတော့ အစ်မတို့ မမွေးခင်ကတည်းက သူတို့မှာ ရှိပြီးသား ဒါပေမယ့် ခုချိန်ထိလဲ ဒါက Popular  ဖြစ်တဲ့ အမျိုးအစားထဲ မရောက်သေးဘူး။ တကယ့်ကို ဒီအရာကို ယုံယုံကြည်ကြည်နဲ့ ဒီဟာကို တကယ့်ကို ဝါသနာပါတဲ့ သူတွေကပဲ လုပ်ကြပေါ့နော်။

Performance art  ဘယ်လိုမျိုးလဲဆိုတော့ အစ်မ အရမ်းကို သိတဲ့ ဆရာကြီးလဲ မဟုတ်ဘူးပေါ့နော်။ ကိုယ်သိသလောက်တော့ ပြောပြမယ်။ အဓိက သူရဲ့ အခြေခံ Performance ကတော့ Time ရယ်။ Space ရယ်။ Body ရယ်။ ဒီသုံးခုကို သုံးပြီးတော့ အနုပညာတစ်ခုကို ဖန်တီးရတဲ့ အရာပေါ့နော်။ ဒါဘာကြောင့်မို့လို့  အစ်မ သိတာပြောရမယ်ဆိုရင် အရင်တုန်းက ပန်းချီ၊ ပန်းချီပေါ်မှာ ရေးရတဲ့ အရာလောက်တဲ့ မလုံလောက်တော့ နောက် သူတို့ Installation လုပ်ကြတယ်။ အရာဝတ္ထူ ပစ္စည်းတွေကို ဆိုတာကို တပ်ဆင်ကြတယ်။ ဒါက ငါပြောချင်တဲ့ အရာ ဘာဆိုတာပေါ့နော်။ နောက် Installation ဆိုတာ ဖြစ်လာတယ်။ ဒီကနေပြီးတော့ ထပ်ပြီးတော့ သူတို့ ပြောချင်တာ မလုံလောက်သေးဘူး။ နောက်တစ်မျိုး အသစ်ကို ရှာကြတာပေါ့နော်။

အနုပညာသမားဆိုတာ အကုန်လုံးက အမှန်တရား သစ္စာတရား အသစ်ဖြစ်တဲ့အရာကို အမြဲတမ်း ရှာဖွေနေတဲ့ သူတွေဆိုတော့ အဲတာနဲ့ နောက် Installation ကနေ အသစ်ဘာတွေ ထပ်ပေါ်လာလဲဆိုတော့ Performance ငါတို့ ခန္ဓာကိုယ်နဲ့ ဘယ်လိုပြမလဲ။ ငါတို့ ခန္ဓာကိုယ်ကို အနုပညာ ပစ္စည်း တစ်ခုအနေနဲ့ ဘယ်လိုပြမလဲ။ ဆိုပြီးတော့ စပြီးတော့ ပေါ်လာတာပေါ့နော်။ သမိုင်းကြောင်းကတော့ အရှည်ကြီးပါပဲ။

လတ်တလောမှာ သူမရဲ့ အနုပညာ အားထုတ်မှုတွေအတွက် မျှော်လင့် ကြိုးစားနေရတဲ့ အရာတွေလည်း ရှိနေပါတယ်။

အစ်မလောလောဆယ်တော့ အားသွန်ခွန်စိုက် လုပ်နေရတာ မရှိသေးဘူး ဖြေးဖြေးချင်း စောင့်ရမယ်။ ပညာရေး ရော  တိုင်းပြည်ရဲ့ စီးပွားရေးကော လူနေမှု အဆင့်တန်း ကော Level  တစ်ခု ထပ်မြင့်လာလို့ ရှိရင် ဒါဟာ အလိုလို ဖြစ်လာမယ်ပေါ့နော်။ အခုကတော့ အခုအများကြီး လုပ်နေကြတာတော့ တွေ့တယ်။ လောလောဆယ် သူတို့လုပ်လို့ရသလောက် လုပ်နေကြတာဆိုတော့ ဒီအခြေနေကို တော့ သူတို့ လက်ခံရမှာပဲပေါ့နော်။ ဒီတိုင်းပြည် အခြေနေနဲ့ ဆိုတော့။

မအိဟာ ကိုယ်တိုင်က အနုပညာဝမ်းစာနဲ့ ဖြည့်တင်းနေသူ ဖြစ်ပေမယ့်လည်း တကယ်တမ်း Performance art  က မိမိဝမ်းစာအတွက်တော့ အာမခံချက် မရှိဘူးရယ်လို့ သူမဆီက သိရပါတယ်။

Performance ကတော့ ပိုက်ဆံရနိုင်တဲ့ အနုပညာအမျိုးစား လုံးဝ မဟုတ်ဘူး။ ဆိုတော့ ခုအစ်မ ဘာအဆင်ပြေသလဲဆိုတော့ အနုပညာနဲ့ ရပ်တည်လို့တော့ တော်တော် ခက်တယ်ကွာ ဒီမှာဆိုတော့ အစ်မ ခုနေတာ အောက်ထပ်ပေါ့နော်။ အပေါ်တစ်ထပ်ရှိတယ်။ အပေါ်ထပ်ကို ငှားတယ်ပေါ့။ ဆိုတော့ အများကြီး ရတာ မဟုတ်ပေမယ့် အစ်မတွက်တော့ လုံလောက်ပါတယ်။

ဒီဟာကလေ ဖြစ်ချင်တဲ့ လူငယ်တွေ ရှိလို့ ရှိရင် သေချာ စဉ်းစားစေချင်တာပေါ့နော်။ ဘာလို့ဆိုတော့ ဒီဟာက အစ်မက ကံကောင်းလို့ မိသားစုအဆင်ပြေလို့ ပေါ့နော်။ ကိုယ့်မှာ သားရေး သမီးရေး ပူပန်စရာလဲ မရှိလို့ လွတ်လွတ်လပ်လပ် ကိုယ်လုပ်ချင်တာတွေ လုပ်နိုင်တာကိုး။ ဆိုတော့ နောက်လူငယ်တွေ လုပ်ချင်တယ်ဆိုရင်တော့ သေသေချာချာ စဉ်းစား တစ်ခြား ဖြစ်ချင်တာတွေ အကုန်လုံး အကုန်စွန့်လွှတ်နိုင်ရဲ့လား။ ဒီဘဝရပ်တည်ဖို့ မသေချာတဲ့ အနုပညာကြီးကို ကိုယ်တကယ် လုပ်ချင်တာ သေချာရဲ့လား ဆိုမှပဲ ဒီဘက်ကို ကူးခဲ့စေချင်တယ်။ အဲလိုမှ မဟုတ်ရင် အချိန်တွေ အများကြီး ကုန်မှာ စိုးလို့။

တစ်ယောက်တည်း ရပ်တည်နေတဲ့ သူမ အနေနဲ့ သူမရဲ့ တစ်နေ့တာ ရှင်သန်လှုပ်ရှားမှုတွေက ရိုးရှင်းပါတယ်။ အားလပ်ချိန် တော်တော်များများမှာလဲ အိမ်တွင်းမှာပဲ ကိုယ်ဝါသနာ ပါရာ အလုပ်လေးတွေနဲ့ ပျော်မွေ့တတ်ပြီး ပြင်ပကို ထွက်ပြီး အပန်းဖြေလေ့ သိပ်မရှိတဲ့ သူပါ။ သူမအတွက် နှလုံးသား အာဟာရကတော့ စာပေတွေပါပဲ။

သူငယ်ချင်း နည်းနည်းပါးပါးရှိတယ် အရမ်းရင်းနှီးတွေတဲ့ သူတွေနဲ့ ခဏတစ်ဖြုတ် အပြင်ထွက်မယ်။ ဒါပေမယ့် ကျွန်မ အပြင်မှာ မပျော်ဘူး။ အဲဒီလို အပြင်သွားပြီး သူငယ်ချင်းတွေနဲ့ တွေ့ပြီး ခဏပေါ့နော်။ အိမ်ပဲ ပြန်ချင်လာတယ်။ အိမ်မှာ တစ်ယောက်တည်း နေရတာ ကြိုက်တော့ သပ်သပ်ကြီး အပန်းဖြေဖို့ အဲလိုမျိုးတော့ မရှိဘူး။ အများအားဖြင့် အိမ်ထဲမှာ သီချင်းဖွင့်ပြီးတော့ ပန်းချီဆွဲတယ်။ ပန်းချီမဆွဲချင် ရုပ်ရှင်ကြည့်တယ်။ ရုပ်ရှင်မကြည့်ချင်ဘူးဆိုရင် စာဖတ်တယ်။ နောက် ဒါမှ မဟုတ်ဘူးဆိုရင် အားကစားလုပ်တယ်။ ဒီလောက်ပဲ အစ်မ ဘဝက။

စာပေလိုက်စားသူတိုင်းရဲ့ နှုတ်ထွက်စကားကတော့ ပညာကို တန်ဖိုးထားခြင်းပါပဲ။ သူမကလဲ တိုင်းပြည်ရဲ့ အမျိုးသမီးထု အနာဂတ်အတွက် ပညာရေးဟာ အရေးကြီးဆုံးရယ်လို့ ထောက်ပြ ဝေဖန်သွားပါတယ်။

သူတို့လဲ ဗဟုသုတ ရှိဖို့လိုတာပေါ့နော်။ ခေတ်အဆက်ဆက်က လုပ်လာခဲ့တာလေ။ ဒီယောက်ျားလွှမ်းမိုးတဲ့ လူမှုပုံစံကနေ ပြီးတော့ ဖြစ်လာခဲ့တာကိုး။ ဆိုတော့ သူတို့စိတ်ထဲမှာလဲ ပြောင်းလာအောင် ဒါလဲ ပညာရေးလို့ ထင်တာပေါ့နော်။ မိန်းမလဲ မဟုတ်ဘူး သူတို့ သိရမယ်။  မိန်းမတွေကို ငါတို့ ဒီလို ဆက်ဆံလို့မရဘူး။ သူနဲ့ငါနဲ့ က တူတူပဲ။ သူလဲလူ ငါလဲလူ။ Level  တစ်ခုတည်းဆိုတာကို လက်ခံဖို့ သူတို့လဲ ပညာပိုပြီး တတ်လာဖို့ လိုတယ် ထင်တာပဲ။ ဟိုရှေ့တုန်းကတည်း စွဲလာခဲ့တဲ့ မိန်းမတွေဆိုတာ ဒုတိယ အတန်းစား ဆိုတာကို ဖျောက်ဖို့ ကျတော့ ဒါလဲ ပညာရေးပဲ မူတည်တာပဲ။

အခုဆိုရင် သူမချစ်တဲ့ အနုပညာကို သူမ ယုံကြည်ရာ လမ်းကြောင်းအတိုင်း ဆက်လက် ပုံဖော်နေဆဲပါ။ တစ်ချိန်က အမှတ်တရ ရှိခဲ့တဲ့ မှတ်တိုင်လေးတွေဟာ သူမအတွက်တော့ ဘယ်ချိန်ပြန်ပြောပြော လတ်ဆတ်နေဆဲ ပါပဲ။

ပြီးခဲ့တဲ့ လတုန်းက Solo Performance  ပေါ့နော်။ သုံးရက် Performance လုပ်ခဲ့တယ်။ Gallery 55 မှာ ပွဲနာမည်က Period ဆိုတော့ အမျိုးသမီးတွေ ရာသီလာတဲ့ အကြောင်းကို ပြောတာ။ အဲ Performance မှာ အမှတ်တရ အနေနဲ့ အစ်မက လာတဲ့သူတွေကို အမျိုးသမီး လစဉ်သုံး လေးတွေကို လက်ဆောင်ပြန်ပေးတယ်။ လက်ဆောင်ပေးတယ်ဆိုတာ ဒီအတိုင်းမဟုတ်ဘူးကွာ အစ်မ စက္ကူလေးနဲ့ ထုတ်ပြီးတော့မှ လက်ဆောင်ပေးတာ။ ဒီယောက်ျားတွေ အနေနဲ့က ဒီအရာကို သူတို့ မကိုင်ကောင်းဘူး မထိကောင်းဘူးလို့ ထင်တဲ့ အရာပေါ့နော်။ ကောင်လေးတစ်ယောက်ဆို အစ်မက ပေးလိုက်တော့ မထိချင် မကိုင်ချင်တဲ့ပုံစံနဲ့ ယူတော့ ယူလိုက်တယ်။ အားနာတာပေါ့နော်။ မယူချင်ဘူးတဲ့။ ဟုတ်ပါပြီ မယူချင်ရင်လဲ ထားခဲ့ပေါ့။ အဲဒီပွဲအကြောင်း ပြန်စဉ်းစားလိုက်ရင် အဲတာလေးက ချက်ချင်း ခေါင်းထဲကို ပထမဆုံး ဝင်လာတဲ့ အမှတ်တရလေးပါပဲ။

Mizzima Weekly