အမေရိကန်က စစ်ပွဲမဆင်နွှဲဘဲ ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ခိုင်မြဲစေနိုင်မည်လား

By Sify
20 October 2021
အမေရိကန်က စစ်ပွဲမဆင်နွှဲဘဲ ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ခိုင်မြဲစေနိုင်မည်လား

ထိုင်ဝမ်အပေါ်ကွန်မြူနစ်တရုတ်အစိုးရက စစ်ပြုမည့်အန္တရာယ်နှင့်ပတ်သက်၍ အမေရိကန်အတွက် ခြိမ်းခြောက်မှုတစ်ခု ပေါ်ထွက်လာသည်။

မကြာသေးမီအချိန်က အာဖဂန်နစ္စတန်ရှိတာလီဘန်များအား အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ အလျှော့ပေးမှုအပြီး ထိုင်ဝမ်အားထောက်ခံမှုသည် ယခင်ကထက်ပိုအရေးကြီးလာသည်။ အာဖဂန်အရေးအခင်းတွင် ဘိုင်ဒင်သည် မဟာမိတ်များနှင့် တိုင်ပင်ဆွေးနွေးခြင်းသို့မဟုတ် အသိပေးခြင်းပင်မပြုခဲ့ဟုNewsweek ၌ဖော်ပြထားသည်။

အမေရိကန်သည် ထိုင်ဝမ်အတွက် ၁၀ စုနှစ်များစွာကြာပြီဖြစ်သော အများသိထားသည့် ကတိကဝတ်များကို ထိန်းသိမ်းရန်ပျက်ကွက်ပါက ယူကျုံးမရဖြစ်စေပြီး ယုံကြည်စိတ်ချရသော မဟာမိတ်ဖြစ်သည့် ဝါရှင်တန်၏ဂုဏ်သိက္ခာကို ပျက်စီးစေမည်ဖြစ်ကာ ကမ္ဘာ့နိုင်ငံများသည်လည်း တရုတ်ကွန်မြူနစ်ပါတီကို ပိုမိုနေရာပေးလာဖွယ်ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များသည် ထိုင်ဝမ်အား ပြန်လည်ရယူရေးနှင့်စပ်လျဉ်း၍ ခြိမ်းခြောက်သောဆောင်းပါးများနှင့် မိန့်ခွန်းများ ထုတ်ပြန်ခဲ့ပြီး ယခုလ၌ ထိုင်ဝမ်လေပိုင်နက်အနီးတွင် စစ်လေယာဉ် ၁၅၀ ကျော်ပျံသန်းခဲ့သည်။

ထိုင်ဝမ်အတွက်ခြိမ်းခြောက်မှုသည် အမှန်တကယ်ဖြစ်ကြောင်းနှင့် များမကြာမီဖြစ်လာနိုင်သည်ဆိုသည့် အရိပ်လက္ခဏာဖြစ်သည်။

တရုတ်က ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်းပြောနေစဉ် ထိုင်ဝမ်အားအမေရိကန် ထောက်ပံ့မှုသည် တရုတ်အတွက် ကသိကအောက်ဖြစ်စေသည်။ တရုတ်ခေါင်းဆောင်များသည် တိုင်းပြည်ကို ပြန်ပေါင်းစည်းရန် ၎င်းတို့ဆန္ဒများကို ဖော်ထုတ်ခဲ့ကြသည်။

တရုတ်ကွန်မြူနစ်ပါတီနှစ် ၁၀၀ ပြည့်နှစ်အခမ်းအနားတွင် သမ္မတရှီကျင့်ဖျင်က ထိုင်ဝမ်ပြဿနာကို ဖြေရှင်းခြင်းနှင့် အမိမြေနှင့် အပြည့်အဝပေါင်းစည်းခြင်းကိုလက်တွေ့အကောင်အထည်ဖော်ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ မပြောင်းလဲသောသမိုင်းပေးတာဝန်နှင့် တရုတ်လူမျိုးအားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

သို့သော် ထိုင်ဝမ်သည် တရုတ်ပြည်မကြီးမှ ဝေးကွာလာသည်ဟု ကိုယ်တို်င ရှုမြင်နေသော်လည်း ထိုင်ဝမ်ကုန်သွယ်မှု၏ ရာခိုင်နှုန်းအများအပြား (၂၀၁၆ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်းခန့်) သည် ပြည်မကြီးနှင့် ဆက်စပ်နေသည်။

အမေရိကန်အတွက်မူ ထိုင်ဝမ်၏ လွတ်လပ်ရေးကို ထိန်းသိမ်းရင်း ထိုင်ဝမ်ရေလက်ကြားတွင် စစ်ဖြစ်ပွားမှုကိုရှောင်ရှားခြင်းဖြင့် အကျိုးရှိပေမည်။

အဓိကအချက်မှာ ထိုင်ဝမ်ကို အင်အားတောင့်တင်းစေရန်နှင့် အပြည့်အဝပြင်ဆင်ရန်ဖြစ်ပြီး ယင်းက ထိုင်ဝမ်ကို သိမ်းပိုက်ရန်ကြိုးစားသည့် တရုတ်အတွက် မျှော်လင့်ချက်မဲ့စေလိမ့်မည်။

ထိုင်ဝမ်သည် နိုင်ထက်စီးနင်းအားထုတ်မှုများကို ဟန့်တားရန် ကြိုးစားရာတွင် အဓိကမဟာမိတ်များနှင့် စုပေါင်းကာကွယ်ရေးစနစ်တစ်ခု လိုအပ်သည်။

မကြာသေးမီကာလက အမေရိကန်၊ဗြိတိန်၊ဂျပန်၊ ကနေဒါ၊ နယူးဇီလန်နှင့် နယ်သာလန်တို့၏ ရေပြင်စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်အပေါ် တရုတ်၏ရန်လိုမှုကိုတန်ပြန်ရန် နမူနာကောင်းတစ်ခု ဖြစ်ပုံရသည်။

အမေရိကန်ရေတပ်ဦးစီးချုပ် ကားလို့စ်ဒယ်တိုရိုက လိုချင်သည့်ပန်းတိုင်သည် တရုတ်ကိုတိုက်ရန်မဟုတ်ဟု ပွင့်လင်းစွာ ပြောကြားခဲ့သည်။

“ဘယ်သူမှ ပဋိပက္ခထဲမဝင်ချင်ပါဘူး။ ထိုင်ဝမ်ကိုသိမ်းပိုက်တာအပါအဝင် သူတို့အောင်မြင်အောင် ကြိုးစားနေတဲ့အရာတွေကိုတားဖို့က ကျွန်တော်တို့ရဲ့ အန္တိမ တာဝန်ပါ။ ဒါကြောင့် တရုတ်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ရံဖန်ရံခါရင်ဆိုင်နေရတဲ့ အခြားခြိမ်းခြောက်မှုများစွာကိုအမှန်တကယ် အာရုံစိုက်နိုင်ဖို့ ဒီနှစ်မှာလိုအပ်သလို ရင်းနှီးမြှုပ်နှံသွားဖို့ အလွန်အရေးကြီးပါတယ်” ဟု ကားလို့စ်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly