အလုပ်ရှာရန် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၃၃ ဦး အဖမ်းခံရ

အလုပ်ရှာရန် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၃၃ ဦး အဖမ်းခံရ

အောက်တိုဘာ ၂၀

အလုပ်အကိုင် ရှာရန်အတွက် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၃၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ နယ်စပ် ဖြတ်ကာ ထိုင်းနိုင်ငံ၏ မူအန်း နှင့် ဆိုင်ယော့ ခရိုင်ထဲ ဝင်ရောက်လာသည့် မြန်မာ ၃၃ ဦးကို တွေ့ရှိဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

အမျိုးသား ငါးဦး ပါသည့် ပထမအဖွဲ့တစ်ဖွဲ့သည် ယင်းနေ့ မနက် ၇ နာရီခန့်က မူအန်းခရိုင် တမ်ဘွန် ဘန်ကော်ရှိ ဟွေနမ်ခေါင်ရွာအနီး တောထဲတွင် ပုန်းနေစဉ် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့မှ စစ်သားများက တွေ့ရှိ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ကို နယ်စပ်ဖြတ်ကျော်နိုင်ရန် ဦးဆောင်ခေါ်လာသူ မြန်မာ လမ်းပြဖြစ်သူက ကင်းလှည့်အဖွဲ့ကို တွေ့တွေ့ချင်း ထွက်ပြေးသွားခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသည့် မြန်မာ ငါးဦးအနက် နှစ်ဦးသည် ပဲခူးမှ ဖြစ်ပြီး ကျန်သုံးဦးမှာ ရန်ကုန်မှ လာသူများ ဖြစ်သည်။ ၎င်းတို့သည် ဘန်ကောက်တွင် အလုပ်ရရန်အတွက် မြန်မာပွဲစားများကို တစ်ဦးလျင် ဘတ် ၂၅,၀၀၀ စီ ပေးခဲ့ရသည်ဟု ပြောသည်။

ယင်းနေ့ မွန်းလွဲပိုင်းမှာပင် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၅ ဦးပါသည့် မြန်မာအလုပ်အကိုင် ရှာသူ အုပ်စုတစ်စုသည် ဆိုင်ယော့ခရိုင် တမ်ဘွန် စီ မောင်ခွန်ရှိ ဖူဖယာရွာအနီး တောအုပ်ထဲတွင် ထိုင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ပါသည့် ပူးပေါင်းကင်းလှည့်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

မြန်မာနိုင်ငံ ပဲခူး၊ ရန်ကုန်နှင့် အခြား မြို့များမှ လာသူများဖြစ်သည့် အဆိုပါ မြန်မာများအနက် ၁၈ ဦးသည် ဆမွတ်ဆာခွန်းသို့ လည်းကောင်း၊ ငါးဦးသည် ဆမွတ် ပရာကန်သို့ လည်းကောင်း၊ ကျန်ငါးဦးသည် ရတ်ချာဘူရီ၏ ဘန်ပေါင်ခရိုင်သို့ လည်းကောင်း အသီးသီး ဦးတည်သွားရောက်ရန် စီစဉ်ခဲ့ချိန် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် သတ်မှတ်နေရာများသို့ ရောက်ပါက အလုပ်ရှာပွဲစားများကို တစ်ဦးလျင် ဘတ် ၁၇,၀၀၀ မှ ၁၈,၀၀၀ အကြား ပေးရရန် ရှိနေခဲ့သည်။

ယခုအခါ အဆိုပါ ဖမ်းဆီးခံရသည့် မြန်မာများကို ဥပဒေအရ အရေးယူရန်နှင့် မူလနေရပ် ပြန်ပို့ရန်အတွက် မူအန်းနှင့် ဆိုင်ယော့ ရဲဌာနများသို့ လွှဲအပ်ထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly