အာဖဂန်နစ္စတန်အမျိုးသမီးများအတွက် ကူညီထောက်ပံ့မှု အမြန်ဆုံး လိုအပ်နေ

အာဖဂန်နစ္စတန်အမျိုးသမီးများအတွက် ကူညီထောက်ပံ့မှု အမြန်ဆုံး လိုအပ်နေ

အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ ပြည်သူအားလုံး၏ အခြေအနေအလုံးစုံသည် မရေမရာဖြစ်နေရကြောင်းနှင့် အထူးသဖြင့် မျိုးဆက်များအတွက် လူ့ဘောင်အသိုင်းအဝိုင်းကို ပုံဖော်သော အမျိုးသမီးများအတွက် အထူးထိခိုက် နေကြောင်း မြို့တော်ကဘူးလ်မှ ထွက်ပြေးခဲ့ရသည့် အာဖဂန်နစ္စတန်အစိုးရ၏ အမျိုးသမီးရေးရာ ယာယီဝန်ကြီးက ပြောကြားလိုက်သည်။

ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးအဖြစ်လည်း တာဝန်ယူခဲ့သည့် ဟာစီနာဆာဖီက အမျိုးသမီးများအား အကြမ်းဖက်ခြင်းကို မမြင်တွေ့လိုကြောင်း ပြောကြားသည်။

“အမျိုးသမီးတွေကို အကြမ်းဖက်တယ်ဆိုတာဟာ နိုင်ငံဖွံ့ဖြိုးမှုကို ထိခိုက်စေသလို သူတို့ရဲ့ ပါဝင်ဆောင်ရွက်မှုကိုလည်း ထိခိုက်စေပြီး သတိထားကာကွယ်ရမယ့် ကိစ္စဖြစ်ပါတယ်” ဟု သူမက ပြောကြားသည်။

တာလီဘန်တို့က မြို့တော်ကဘူးလ်ကို ဩဂုတ်လအတွင်း သိမ်းပိုက်ပြီးနောက် နိုင်ငံအတွင်းမှ ထွက်ပြေးသွားခဲ့ရသည့် ဆာဖီက အာဖဂန်နစ္စတန်၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂ အမျိုးသမီးရေးရာ အစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တာလီဘန်တို့က အာဏာသိမ်းယူပြီးနောက် နိုင်ငံအတွင်းရှိ အမျိုးသမီးများအတွက် ကြောက်ရွံ့ထိတ်လန့်မှုမျာ ဖြစ်ပေါ်နေပြီး ၎င်းတို့ အုပ်ချုပ်ခဲ့သည့် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ကာလများကို ပြန်မြင်ယောင်လျက်ရှိကြသည်။

အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေးများအတွက် အရေးကြီးဆုံး လိုအပ်နေသည့် အချက် ၂ ချက်မှာ မူဝါပိုင်ဆိုင်ရာ ဆောင်ရွက်မှုနှင့် အောက်ခြေတွင် တုံ့ပြန်ဆောင်ရွက်များဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

“မူဝါဒအဆင့်မှာဆိုရင် အမျိုးသမိးရေးရာဝန်ကြီးဌာနမရှိတော့တဲ့အတွက် သူတို့ရဲ့ ကိစ္စရပ်တွေကို ဘယ်မှာဖြေရှင်းမလဲ၊ ဘယ်သူက ဆက်လက်တာဝန်ယူလုပ်ဆောင်မလဲ။ အမျိုးသမီးဝန်ကြီးဌာနမရှိတော့တာကို ကမ္ဘာက နှုတ်ဆိတ်မနေသင့်တော့ပါဘူး” ဟု ၎င်းက ပြောကြားသည်။အောက်ခြေအဆင့် တုံပြန်ဆောင်ရွက်မှုနှင့် ပတ်သက်၍ အမြန်ဆုံးလိုအပ်နေသည့်အရာမှာ အမျိုးသမီးများ၏ လုံခြုံရေးဖြစ်ကြောင်း ဆာဖီက ပြောကြားသည်။

“အထူးသဖြင့် ပြောနိုင်ဆိုနိုင်၊ မီဒီယာနဲ့ ထိတွေ့မှု အတွေ့အကြုံများစွာရှိပြီး အမျိုးသမီးတွေရဲ့ အကျိုးကို ဆောင်ရွက်ပေးနိုင်သူတွေ လိုအပ်ပါတယ်”

သူမနှင့် ဆက်သွယ်နေသည့် အမျိုးသမိးများသည် နေ့စဉ်ပုန်းအောင်နေရပြီး ဆက်သွယ်ရမည့်နေရာသို့မဟုတ် အဖွဲ့အစည်းမရှိသောကြောင့် ဖြစ်ပေါ်နေသည့် ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် စာတိုပေးပို့မှုများကိုသာ လုပ်ဆောင်နေရကြောင်းလည်း ၎င်းက ပြောကြားသည်။

“နိုင်ငံတကာရဲ့ အကူအညီက ရှင်းလင်းပြတ်သားဖို့ လိုသလို အပြန်အလှန်တာဝန်ခံမှု လုပ်ငန်းစဉ်ကို သတ်မှတ်ရမှာဖြစ်ပြိး ဘယ်သူကဘာတွေလုပ်နေတယ်။ အကူအညီဘယ်လောက်အထိ အမျိုးသမီးတွေဆီကို ရောက်တယ်ဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်”

“ကျွန်မတို့အနေနဲ့ အမျိုးသမီးတွေကို ထိရောက်စွာ ကူညီချင်ပါတယ်။ငွေကြေးနဲ့ အကူအညီတွေ မှန်မှန်ကန်ကန် ရရှိစေချင်ပါတယ်။ သူတို့ဟာ ထက်မြက်တဲ့ ခေါင်းဆောင်ငယ်တွေ ဖြစ်ပါတယ်။ သူတို့အတွက် အမြန်ဆုံး တည်ဆောက်၊ ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်” ဟု လည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly