ကလေးမြို့ အကျဉ်းထောင်မှ အကျဉ်းသား ၆၂ ဦး ပြန်လည် လွတ်မြောက်

By စန်းကျိန်
19 October 2021
ကလေးမြို့ အကျဉ်းထောင်မှ အကျဉ်းသား ၆၂ ဦး ပြန်လည် လွတ်မြောက်

အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းခွင့်ဖြင့် အောက်တိုဘာ ၁၈ ရက် ညပိုင်း နှင့် အောက်တိုဘာ ၁၉ရက် တို့တွင် ပြန်လွှတ်ပေးရာ လက်ရှိတွင် အကျဉ်းသား ၆၂ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ပြန်လည် လွတ်မြောက်လာသူများမှာ အမျိုးသား ၅၃ ဦးနှင့် အမျိုးသမီး ကိုးဦး စုစုပေါင်း ၆၂ဦး ဖြစ်ပြီး အများစုမှာ သပိတ်စစ်ကြောင်းအတွင်း ဖမ်းဆီးခံရသူများဖြစ်ကြောင်း သပိတ်လှုပ်ရှားမှုကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ဒကစ (ဒေသကွပ်ကဲ‌ရေးစစ်ဌာနချုပ်)က ကန့်ကွက်လို့ လွတ်စာရင်းထဲပါပြီး မလွတ်တဲ့သူတွေလည်း ရှိတယ်။ တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဇင်မင်းထက်၊ ကိုမျိုးသစ်ကျော်နဲ့ ကိုဂျေညီစိုးတို့ သုံးယောက်ကတော့ ဒကစ ကန့်ကွက်ခံရတယ်လို့ပြောတယ်ဗျ" ဟု သပိတ်ခေါင်းဆောင်တစ်ဦး က ပြောသည်။

ထို့အပြင် ပုဒ်မ ၅၀၅ တစ်ခုတည်းဖြင့် ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ အခြားပုဒ်မများဖြင့် ထပ်တိုး စွဲဆိုခံထားရသူများ အပါအဝင် နေအိမ်အထိလိုက်လံ ဖမ်းခံရသူအချို့မှာ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။

ပြန်လည် လွတ်မြောက်လာသူများကို တရားသေ လွှတ်ပေးခြင်း မဟုတ်ဘဲ နောင်တစ်ချိန်တွင် တည်ဆဲဥပဒေပုဒ်မ တစ်ခုခုဖြင့် ပြစ်ဒဏ်ကျခံရပါက ယခု ကျန်ရှိသည့် ပြစ်ဒဏ်ကိုပါ ကျခံရမည့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ ခံဝန်လက်မှတ်ရေးထိုးပြီး ပြန်လည်လွတ်မြောက်လာကြခြင်းဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly