ပုသိမ်အကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသူ ၁၃ ဦး လွတ်မြောက်

ပုသိမ်အကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသူ ၁၃ ဦး လွတ်မြောက်

အောက်တိုဘာ ၁၉

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ပုသိမ်အကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသူများအနက် အမျိုးသား ၁၃ ဦးကို ယနေ့အောက်တိုဘာလ ၁၉ ရက် ညနေပိုင်းအချိန်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု ၎င်းတို့၏ မိသားစုဝင်များထံက သိရသည်။

ယနေ့ နေ့လည်ပိုင်းတွင် ငပုတောမြို့နယ်မှ ဖမ်းဆီးခံထားရသူ သုံးဦးကို ကနဦးပြန်လွှတ်ပေးခဲ့ပြီး ည‌နေပိုင်းအချိန်တွင် ၁၀ဦးကို ထပ်မံ၍ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသည့် အမျိုးသား ၁၃ ဦးတွင် လူသိများသည့် တက်ကြွလှုပ်ရှားသူများ ပါဝင်လာခြင်း မရှိကြောင်း နီးစပ်သူများထံမှ သိရသည်။

ပြန်လွတ်လာသူ အားလုံးမှာ ကျန်းကျန်းမာမာရှိကြသည်ဟု ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။

"ပုသိမ်ထောင်မှာတော့ ဒီနေ့ ၁၃ ယောက်ပဲလွှတ်ပေးတယ်။ အကုန်လုံး အမျိုးသားတွေချည်းပါပဲ။ နေ့လည်ပိုင်းက ငပုတောမြို့က သုံးယောက်ကို လွှတ်ပေးပြီး ညနေပိုင်းမှာ ၁၀ ယောက်ထပ်လွှတ်ပေးတာပါ။ အဲဒီ ၁၃ ယောက်ထဲမှာ ၅၀၅ (က)နဲ့ တရားစွဲခံထားရတဲ့သူ လေးယောက်‌လောက်ပဲ ပါတယ်လို့လည်းကြားတယ်"ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

ပြန်လည် လွတ်​မြောက်လာသူများအနက် သတင်းမီဒီယာသမားများနှင့် လူသိများသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးတစ်ယောက်မျှ ပါဝင်လာခြင်းမရှိသေးကြောင်း စုံစမ်းသိရသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက်တွင် ဧရာဝတီတိုင်းအတွင်းရှိ အကျဉ်းထောင်အားလုံးတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၂၀၇ ဦးကို အာဏာသိမ်း စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်ဟု ပုသိမ်အကျဉ်းထောင်၀န်ထမ်းတစ်ဦးက ပြန်လွတ်လာသူတို့၏ မိသားစုဝင်များကို ပြောပြကြောင်း ယင်းမိသားစု၀င်များထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly