မြောက်ဦး လူငယ်ကို PDF နှင့် ဆက်စပ်သည်ဆိုကာ ဖမ်းဆီး

မြောက်ဦး လူငယ်ကို PDF နှင့် ဆက်စပ်သည်ဆိုကာ ဖမ်းဆီး

အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်တစ်ဦးကို PDF အဖွဲ့နှင့်ဆက်စပ်သည်ဟုဆိုကာ အောက်တိုဘာလ ၁၅ ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင့် သူ၏ မိသားစုဝင်တစ်ဦးကပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် ကိုအောင်နိုင်မြင့်ကို သူ၏နေအိမ်တွင် လက်နက်များကိုင်ဆောင်ထားသည့် အရပ်ဝတ်ဖြင့် လူ ၁၀ ဦးက ဖမ်းဆီးခေါ်ဆောင်သွားသည်ဖြစ်ကြောင်း အစ်မဖြစ်သူ မနုနုယဉ် ကပြောသည်။

“ သူတို့က ကားအမည်းရောင်တစီးနဲ့လာတယ်။ ပထမတော့ လူသုံးလေး ယောက်ဝင်လာ တယ်။အောင်နိုင်မြင့်နဲ့တွေ့ချင်တယ်လို့ပြောတယ်။ အဲ့တော့ မောင်လေးကို ကျွန်မတို့ခေါ်လိုက်တယ်။ သူကို့တွေ့တာနဲ့ မင်း အောင်နိုင်မြင့် လားမေးတယ်။ သူ့တို့က ဖုန်းကိုတောင်းတယ်။ မောင်လေးက ဖုန်းကိုဖွင့်ပေး လိုက်တော့ သူတို့ဝိုင်းဖမ်း ကြတော့တယ်။ ကျွန်တော့်ကို ဘာအပြစ်နဲ့ ဖမ်းတာ လဲ မောင်လေးကမေးတယ်။ မောင်လေးကရုန်းတော့ မျက်နှာကို ငါးချက်ထိုး တယ်။ ကျွန်မတို့ကို သေနတ်နဲ့ချိန်ထားပြီး မောင်လေးကို ကားထဲခေါ်သွား တယ်။”ဟု မနုနုယဉ်ကပြောသည်။

မည်သည့်အကြောင်းဖမ်းဆီးသည်ကို မသိရှိရဘဲ ရဲစခန်းလိုက်သွားသည့်အခါမှ သာ PDF နှင့် ဆက်စပ်၍ဖမ်းထားခြင်းဖြစ်သည်ဟု ရဲတစ်ဦးက ပြောသည် ဆိုသည်။

သို့သော် စာရေးဆရာတစ်ဦးဖြစ်သူ အသက် ၂၃ နှစ်အရွယ် ကိုအောင်နိုင်မြင့်မှာ PDF အဖွဲ့နှင့်ဆက်စပ်သည်မှာ မဖြစ်နိုင်ကြောင်း သူ၏အမကပြောသည်။

“ ကျွန်မ မောင်လေးအကြောင်း ကျမ သိတယ်။ မောင်လေးက စိတ်ဝင်စားတဲ့ စာကိုပဲရေးနေတာ၊ လူတွေနဲ့တောင်သိပ်စကားမပြောဘူး၊စာရေးနေတာနဲ့ပဲ အချိန်ကုန်နေတာ။ဘယ်မှလည်း မသွားဘူး။ရန်ကုန်တောင်သူ မရောက်ဖူးဘူး” ဟု မနုနုယဉ်ကဆက်ပြောပါသည်။

ကိုအောင်နိုင်မြင့်ကို မြောက်ဦးမြို့ရဲစခန်းတွင် ထိန်းသိမ်းထားတာကြောင့် မိသားစုများက သွားရောက်ခဲ့သော်လည်း တွေ့ခွင့်မရရှိခဲ့ပေ။ စခန်းမှ တာဝန် ရှိသူတစ်ဦးက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ရုံးချိန်းမှာ အကြောင်းစုံ သိရမည်ဟုသာ ေြ့ပာသည်။

” အပြစ်မဟုတ်ဘဲ စွပ်စွဲခံရမှာကိုလည်း စိုးရိမ်တယ်။ သူက စာရေးဆရာ တက်သစ်စလေးပဲရှိသေးတာ။ သူမှာလည်း လုပ်ရမဲ့အလုပ်တွေလည်း အများကြီး၊ အမှန်တရားကိုပဲလိုချင်တယ်။” ဟု မနုနုယဉ်ကပြောသည်။

အောက်တိုဘာ ၉ ရက်နေ့ကလည်း သံတွဲမြို့နယ်မှ လူမှုရေးတက်ကြွလုပ်ရှားသူ ဦးစိန်ချစ်ကို PDF နှင့်ဆက်စပ်သည်ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀(က)၊ ၅၂(က) တို့ဖြင့် အမှုဖွင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly