နိုင်ငံတကာ ဖိအားကြောင့် ထိန်းသိမ်းသူများကို လွှတ်ပေးခြင်းဖြစ်ဟု နိုင်ငံရေး လေ့လာသူအချို့ သုံးသပ်

By သတင်းနှင့် မီဒီယာ ကွန်ရက်
19 October 2021
နိုင်ငံတကာ ဖိအားကြောင့် ထိန်းသိမ်းသူများကို လွှတ်ပေးခြင်းဖြစ်ဟု နိုင်ငံရေး လေ့လာသူအချို့ သုံးသပ်

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်။

အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခဲ့သည့်အတွက် ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသား ၅၆၃၆ ဦးကို အောက်တိုဘာ ၁၈ ရက်နေ့တွင် ခံဝန်ဖြင့်ပြန်လွှတ်ကြောင်း စစ်ကောင်စီကထုတ်ပြန်လိုက်ခြင်းသည် နိုင်ငံတကာ၏ ဖိအားကြောင့်သာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူအချို့နှင့် တရားလွှတ်တော်ရှေ့များက ပြောသည်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်ပိုင် မြဝတီမီဒီယာက တစ်ဆင့် ပြောကြားခဲ့ သည့် မိန့်ခွန်းတွင် သီတင်းကျွတ်ကာလ ကုသိုလ်များ လုပ်နိုင်ရန် လူသားချင်းစာနာမှု အထိမ်းအမှတ်အနေဖြင့် လွှတ်ပေးခြင်းဖြစ်သည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။ သို့သော်လည်း အမှန်တကယ်မှာ နိုင်ငံတကာ၏ ဖိအားကြောင့်ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။

“ပြောရမယ်ဆို နိုင်ငံတကာဖိအားပေါ့နော်။ အာဆီယံကနေ နစက ကို ကျင်လိုက်တဲ့ သဘောဖြစ်သွားတော့ ဒါ ဟာ နစက အတွက် အင်မတန်ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်သွားတာပေါ့။ အဲ့ဒီတော့ ဒါကို ပြန်ကုစားနိုင်ဖို့ နိုင်ငံရေး လမ်းကြောင်းပေါ်ပြန်လျှောက်တဲ့သဘောပါ” ဟု တရားလွှတ်တော် ရှေ့နေတစ်ဦး က ပြောသည်။

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ရင်း ဖမ်းဆီး ထောင်ချခံထားရသူ ၁၃၁၆ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး တရားဆွဲဆိုခံထားရသူ ၄၃၂၀ ဦးကိုလည်း အမှုရုတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူအချို့အား အမှုလိုက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေတစ်ဦးကလည်း “သူတို့ဖမ်းထားတာ ၈၀၀၀ ကျော်လောက်ရှိတယ်။ သူတို့ လူတစ်ယောက်ထဲကို ပုဒ်မ အမျိုးမျိုးနဲ့ ဆွဲထားတာ ဆိုတော့ ၃၀၀၀ ကျော် လောက်က ကျန်ခဲ့မယ့် သဘောရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီကပြန်လည်လွှတ်ပေးခဲ့သူများထဲတွင် အနုပညာရှင်အချို့ အပြင် သတင်းသမားများဖြစ်ကြသည့် မသူဇာ၊ ဦးစည်သူအောင်မြင့်၊ မထက်ထက်ခိုင်၊ မသင်းသင်းအောင်၊ ကိုဂျိမ်း၊ ကိုအောင်ကျော်တို့ အပါအဝင် သတင်းမီဒီယာသမားအယောက် ၅၀ ပါဝင်သည်ဟု သိရသည်။

“မီဒီယာသမားဆိုတာ နိုင်ငံကို ပုန်ကန်နေတာ မဟုတ်ဘူး။ သူတို့အနေနဲ့တော့ မီဒီယာသမားတွေ အပေါ် ရန်သူ ကြီးသဖွယ် သတ်မှတ်ပြီး ဖမ်းဆီးနှိမ်နှင်းတယ်။ အကြောက်တရားတွေထည့်တယ်။ ဒါတွေက အစောကြီးက တည်းက လုပ်သင့်တဲ့ အရာမှ မဟုတ်တာ” ဟု ရန်ကုန်မြို့ အခြေစိုက်သတင်းသမားတစ်ဦး က ပြောသည်။

ပြစ်ဒဏ်ကျခံပြီးသူ နိုင်ငံရေးအကျဉ်းသားများ အနေဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ အပိုဒ်ခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျန်ရှိနေသည့်ပြစ် ဒဏ်များကိုပါ ကျခံရ မည်ဆိုသည့် ခံဝန်များဖြင့် လွတ်ငြိမ်းချမ်းသာခွင်ပြုခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြ ထားသည်။

စစ်ကောင်စီက ယနေ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ပြန်လွှတ်ပေးနေသော်လည်း ပြန်လည်ဖမ်းဆီးခံရသူ အချို့လည်း ရှိနေသည်ဟု သိရသည်။

သာစည်မြို့နယ်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း မှ ဒေါ်လေးလေးနိုင်ကို ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီးနောက် ယနေ့ပြန်လွှတ်ပေးလိုက်ပြီးနောက် လွှတ်ပြီးပြီးချင်းတွင်ပင် ပုဒ်မ ၁၇ (၁) ကျန်ရှိနေသေးသည်ဟုဆိုကာ ဆက်လက်ဖမ်းဆီးသွားသည်ဟု ၎င်းနှင့် နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ကလည်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် စပ်လျဉ်းပြီး တရားရုံး အသီးသီးတွင် ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်း၍ ဖမ်းဆီးထားသူ ၁၀၀ ကျော်ကို စစ်ကောင်စီက ပြန် လွှတ်ပေးခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly