ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုမှာ ယီမင်သူပုန် ၁၅၀ သေဆုံး 

ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုမှာ ယီမင်သူပုန် ၁၅၀ သေဆုံး 
Photo - AFP

အောက်တိုဘာ ၁၉

ယီမင်နိုင်ငံက မဟာဗျူဟာကျတဲ့ မာရစ်ဒ်မြို့နားမှာ ဆော်ဒီအာရေဗျ ကျောထောက်နောက်ခံပြုတဲ့ ယီမင်အစိုးရတပ်တွေနဲ့ ဟူသီသူပုန်တွေရဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက် ရှိနေပါတယ်။ မာရစ်ဒ်မြို့မှာ ဟူသီသူပုန် ၁၅၀ ကို သုတ်သင်နိုင်ခဲ့ကြောင်း ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက တနင်္လာနေ့မှာ ပြောတာကြောင့် တစ်ပတ်အတွင်းမှာ သူပုန်အင်အား ၁၀၀၀ ကျော်ထက်မနည်း ကျဆုံးရတာလည်း ဖြစ်ပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်သုံးယာဉ် ၁၃ စီးနဲ့ အကြမ်းဖက်သမား ၁၅၀ ကို ၂၄ နာရီအတွင်း ချေမှုန်းနိုင်ခဲ့တယ်လို့ ညွန့်ပေါင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် SPA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

“တောင်ပိုင်းရှေ့တန်းမြေ မာရစ်ဒ်မှာ ကျွန်တော်တို့ ဒီကနေ့ တိုက်ပွဲတွေ ဆင်နေပါတယ်၊ ရန်သူ ဟူသီတွေကို ကောင်းကောင်း သင်ခန်းစာ ပေးနေတာပါ၊ သူတို့ထဲကနေ လက်ရဖမ်းမိသူ အချို့လည်း ရှိတယ်၊ နောက်ဆုံး မတတ်နိုင်လို့ လက်နက်ချလာသူတွေပေါ့ဗျာ၊ လေကြောင်းကနေ ပစ်ကူပေးတာအတွက် အာရပ်ညွန့်ပေါင်းအဖွဲ့ကို ကျွန်တော်တို့ ကျေးဇူးတင်တယ်၊ ဒီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရန်သူတွေနဲ့ သူတို့ တပ်သုံးယာဉ်တွေကို ချေမှုန်းပစ်နိုင်တာ ဖြစ်တယ်”ဆိုပြီး ယီမင်ရဲ့ ဆော်ဒီထောက်ခံတဲ့ အစိုးရကို သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတစ်ဦးက ပြောပါတယ်။ 

ရေနံကြွယ်ဝတဲ့ ယီမင်မြောက်ပိုင်းက မာရစ်ဒ်မြို့ဟာ နိုင်ငံတကာ အသိအမှန်ပြု ယီမင်အစိုးရရဲ့ နောက်ဆုံး ခံတပ်မြို့ပဲ ဖြစ်ပါတယ်။ မာရစ်ဒ်မြို့ရဲ့ မိုင် ၆၀ အကွာက အက်ဘ်ဒီယာမြို့ဝန်းကျင်မှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်က ရန်သူချေမှုန်းရေး တိုက်ပွဲတွေ ဆင်ခဲ့တာ ဖြစ်ပါတယ်။ 

အီရန်ကျောထောက်နောက်ခံပြုတဲ့ ဟူသီတွေက အခု တိုက်ပွဲမှာ ကျဆုံးမှုနဲ့ ပတ်သက်လို့ ရှားရှားပါးပါး ထုတ်ပြန်လာပေမယ့် သေဆုံးနှုန်း အတိအကျကို အေအက်ဖ်ပီအနေနဲ့ လွတ်လပ်စွာ အတည်မပြုနိုင်သေးပါ။ 

တနင်္လာနေ့က ရုပ်သံကနေ မိန့်ခွန်းပြောရာမှာ သူပုန်ခေါင်းဆောင် အက်ဘ်ဒယ်လ်မာလက်ခ် အယ်လ် ဟူသီက ဆက်လက်တိုက်ခိုက်သွားကြဖို့ နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။ 

“ဝိုင်းရံခံထားရတာကနေ လွတ်တဲ့အထိ ကျူးကျော်စစ်ကို ကျွန်တော်တို့တွေ ဆက်လက်ရင်ဆိုင်သွားရမယ်၊ ရန်လိုကျူးကျော်တာနဲ့ သိမ်းပိုက်တာတွေ အဆုံးသတ်စေရမယ်”လို့ သူက ပြောပါတယ်။ 

အက်ဘ်ဒီယာမြို့အပါအဝင် မာရစ်ဒ်မြို့ဝန်းကျင်ရဲ့ ရှေ့တန်းစစ်မျက်နှာ အချို့မှာ ထိုးစစ်တွေဆင်ကြောင်း ဟူသီအဖွဲ့က တွစ်တာကနေ တနင်္ဂနွေနေ့မှာ ကြေညာခဲပါတယ်။ အက်ဘ်ဒီယာမြို့မှာ သောင်းကျန်းသူတွေကို ချေမှုန်းခဲ့တယ်လို့ ညွန့်ပေါင်းတပ်တွေက ပြောထားပါတယ်။ 

ဟူသီတွေဟာ မာရစ်ဒ်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ဖေဖော်ဝါရီလအတွင်း ထိုးစစ်ကြီး ဆင်ခဲ့တာပါ။ တိုက်ပွဲတွေ ခေတ္တစဲသွားပြီးနောက် စက်တင်ဘာကစလို့ ထိုးစစ်တိုက်ပွဲတွေ အသစ်တစ်ဖန် ထပ်မံဖြစ်ပွားပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly