စစ်ပွဲတွေ အမြန်ပြီးပါစေ၊ မိုးနတ်မင်းကြီး သနားညှာတာပါစေ

23 June 2015
စစ်ပွဲတွေ အမြန်ပြီးပါစေ၊ မိုးနတ်မင်းကြီး သနားညှာတာပါစေ

ယခုနှစ် မုတ်သုံမိုးသည် ခပ်စောစောကျလာခဲ့သည်ဟု ဆိုရပါမည်။ ရန်ကုန်မြို့မှာဆိုလျှင် သည်ရက်ပိုင်းအတွင်း မိုးမရွာသည့်ရက် မရှိသလောက်ပင် ဖြစ်သည်။ ထိုအခါ ဆင်ခြေဖုံးရပ်ကွက်များအားလုံး မိုးရေထဲတွင်နစ်ကာ လမ်းတွေပေါ် ရေကျော်ကုန်သည်။ လူတွေအားလုံး နေရေးသွားရေး ဒုက္ခရောက်ကြ ရတော့သည်။

မိုးဦးစောသဖြင့် အခြေခံ လက်လုပ်လက်စားသမားများ လုပ်ကိုင်စားသောက်ရသည်မှာ အခက်အခဲရှိ လာသည်။ တချို့ဆိုလျှင် တနေ့လုပ်ခရသည့်ဝင်ငွေဖြင့် ညနေအိမ်အပြန်ကျမှ ဆန်ဝယ်ရသည်။ ဟင်းရံဝယ်ရသည်။ မိုးက နေ့တိုင်းရွာတော့ သွားရေးလာရေး ခက်သည်။ အဆောင်းမပါ လုပ်ငန်းခွင်နှင့် လမ်းတကာလှည့် ဝင်ငွေရှာရသူများ ဝင်ငွေ လျော့ကုန်သည်။ ကျန်းမာရေး ချို့တဲ့ကုန်သည်။ မိသားစုများစွာ ချို့တဲ့စွာ နေထိုင်စားသောက်ကြရသည်။

သတင်းတစ်ပုဒ်ထဲ၌ တရုတ်နယ်စပ်အနီး မြန်မာပြည်အတွင်းက စစ်ဘေးရှောင်စခန်း(၇)ခု၊ လာမည့်ဇူလိုင်လ တွင် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံရနိုင်ဖွယ်ရှိသည် ဟူသည့်သတင်းက မြွေပူရာ ကင်းမှောင့် ဆိုသလို ဖြစ်ကြရတော့မည့်အရေးကို ဖတ်ကြရပြန်သည်။  ထိုအခါ မိုးရေစက်များအောက် အမိုးအကာ ပြည့်စုံလုံခြုံစွာ နေကြရခြင်း မဟုတ်သည့် ယင်း စစ်ဘေးရှောင် ဒုက္ခသည်စခန်းများ၏ ဒုက္ခများ သောကများအတွက် စိတ်ပူ ကြရပြန်သည်။

တရုတ်နယ်စပ်နှင့်နီးသည့် ယင်း ဒုက္ခသည်စခန်းများမှာ ဖရဲ၊ ရှိန်ကြိုင်၊ ခေါင်ရှောင်၊ ဇိုင်းအောင်၊ မုန်ဂါဇွင်း၊ မဂါယန်နှင့် ပါဂျောင် တို့ ဖြစ်ကြသည်။ ဒုက္ခသည်စခန်း ၇ ခု ဖြစ်သည်။ နိုင်ငံတကာအကူအညီများ မရောက် နိုင်သောဒေသများ ဖြစ်သည်ဟုလည်း ဆိုသည်။ KIA ထိန်းချုပ်နယ်မြေအတွင်း ဖြစ်သဖြင့် ယင်းစခန်းများသို့ သွားလိုလျှင် တရုတ်ပြည်ထဲမှ တစ်ဆင့်သာ သွားလို့ရသည်ဟု ဆိုသည်။ လူဦးရေ ကိုးထောင်ကျော် ရှိနေ သည်။ အစိုးရတပ်များနှင့် KIA တပ်များ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်မှာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ သည် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ယခုလို ဒုက္ခသည်စခန်းများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

ဒုက္ခသည် စစ်ဘေးရှောင်စခန်းများ ဖြစ်သည့်အတွက် ခရီးလမ်းပန်းဆက်သွယ်ရေးက ပုံမှန် မဟုတ်နိုင်တော့ချေ။
နေရေးထိုင်ရေးကလည်း အခိုင်အမာ မဖြစ်နိုင်ချေ။ နေရပ်ဒေသတစ်ခုအတွက် မလွဲမသွေ ရှိအပ်သည့် ဆေးရုံဆေးခန်း၊ စာသင်ကျောင်းဆိုသည်များကလည်း မရှိနိုင်ပြန်ချေ။ လုပ်ကိုင်စားသောက်ဖို့ရန် အခြေအနေ ကလည်း မရှိနိုင်ချေ။ ထိုအခါ ယင်းဒုက္ခသည် စခန်းများသည် အကူအညီပေးရေးအဖွဲ့များကို အားကိုးမှီခိုရန် မှတပါး အခြားနည်းလမ်းလည်း မရှိတော့ချေ။ ထိုစဉ်မှာပင် မိုးက ကျလာပြန်ပြီ ဖြစ်သည်။ အစားအသောက် အနေအထိုင် ခက်ခဲနေရသည့်ကြားမှ မိုးက ထပ်ဆင့်ပြီး ဒုက္ခပေးသလို ဖြစ်လာရသည်။

ကချင်လက်နက်ကိုင်အင်အားစုနှင့် အစိုးရ လက်နက်ကိုင်ပဋိပက္ခသည် မည်သည့်အချိန်ကျမှ ရပ်တန့်သွားကြ ပါမည်နည်း။
စစ်ပွဲများကြောင့် ပေါ်ပေါက်လာရသည့် စစ်၏အနိဋ္ဌာရုံဖြစ်သည့် စစ်ဘေးရှောင်စခန်းများမှာမူ နှစ်ချီလချီ ကြာညောင်းခဲ့ပြီဖြစ်သော ဒုက္ခမျိုးစုံကို သည့်ထက် အချိန်ကြာမြင့်စွာ ခံနိုင်ရည် ရှိနိုင်ပါဦးမလား။ ထိုစခန်းများတွင် နေထိုင်နေကြရသည့် လူဦးရေ ကိုးထောင်ကျော်၏ ပညာရေး၊ ကျန်းမာရေး၊ သာရေး ကိစ္စ မပြောနှင့် အသက်ရှင်ရပ်တည်နိုင်ဖို့ ဆိုသည်ပင် အာမခံချက် ရှိနိုင်ပါဦးမလား။

ယခုပင်လျှင် မိုးသည် နေ့စဉ်ဆိုသလို ရွာသွန်းနေပေပြီ။ မြေပြန့်တွင်လည်းဖြစ်၊ သွားရေးလာရေး ကလည်း အဆင်ပြေ၊ အခြားအခြေအနေအရပ်ရပ်ကလည်း အဆင်သင့်ရှိနေသည့် ပြည်ပဒေသနေ ပြည်သူများနှင့် နှိုင်းယှဉ်လျှင် ယင်းဒုက္ခသည်စခန်းများမှ မိမိတို့၏ ညီနောင်သားချင်းများ၏ဘဝက ကြေကွဲရင်နာဖို့ ကောင်းလွန်းလှသည်။

အခြေအနေအရပ်ရပ်ကို အကဲခတ်ကြည့်ပြီး ပြောရလျှင်တော့ စစ်ပွဲများ မြန်မြန်ပြီးပါစေ ငြိမ်းပါစေဟူ၍ လည်းကောင်း၊ မိုးနတ်မင်းကြီးက ယင်းဒုက္ခသည်စခန်းတွေအပေါ် သနားကြင်နာစွာ ဖေးမမှုဖြင့်သာ ရွာသွန်း ပေးစေပါကြောင်း ဆုတောင်းရန်မှတစ်ပါး အခြားမရှိသေးဟူ၍သာ တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags