မဇ္ဈိမ သတင်းဌာန ပူးတွဲတည်ထောင်သူ ဒေါ်သင်းသင်းအောင်နှင့် ရုံးဝန်ထမ်း ကိုဂျိမ်းပူထောင်းတို့ ပြန်လွတ်မည်

မဇ္ဈိမ သတင်းဌာန ပူးတွဲတည်ထောင်သူ ဒေါ်သင်းသင်းအောင်နှင့် ရုံးဝန်ထမ်း ကိုဂျိမ်းပူထောင်းတို့ ပြန်လွတ်မည်

အောက်တိုဘာ ၁၈

စစ်ကောင်စီက ပြန်လွှတ်မည့် သူများထဲ၌ မဇ္ဈိမ သတင်းဌာနအား တွဲဖက် တည်ထောင်သူ ဒေါ်သင်းသင်းအောင်နှင့် ရုံးဝန်ထမ်း ကိုဂျိမ်းပူထောင်းတို့ နှစ်ဦးပါဝင်မည်ဟု မိသားစုဝင်များက အတည်ပြု ပြောသည်။

“အခု မသင်းသင်းအောင်ကို သွားကြိုနေကြပြီ။ မိသားစုဝင်တွေနဲ့ အမျိုးသမီးအဖွဲ့က လူတွေ အခု သွားကြိုနေကြပြီ။ အင်းစိန်ထောင်ရှေ့မှာ သွားစောင့်ကြိုနေကြပြီ။ သတင်းက အတည်ဖြစ်တယ်” ဟု ဒေါ်သင်းသင်းအောင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ဒေါ်သင်းသင်းအောင်နှင့် ရုံးဝန်ထမ်း ကိုဂျိမ်းပူထောင်းတို့ နှစ်ဦးသည် ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ဒေါ်သင်းသင်းအောင်ကို မတရားအသင်းပုဒ်မ ၁၇ (၁) ဖြင့်ပါ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုခဲ့သည်။

“ဂျိမ်းပူထောင်းလည်း လွတ်မယ်ထင်တယ်။ သူတို့က အမှုတွဲတွေဆိုတော့လေ။ မသင်းသင်းအောင် လွတ်မှာကတော့ အတည်ဖြစ်တယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

မဇ္ဈိမသတင်းဌာနအား စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်တွင် ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုခဲ့ပြီး စက်တင်ဘာ ၂၂ ရက်တွင် ပုဒ်မ ၁၇/၁ ဖြင့် ထပ်မံတရားစွဲဆိုခဲ့သည်။

ထို့အပြင် မဇ္ဈိမသတင်းဌာန၏ တာဝန်ရှိသူ ၁၀ ဦးကို အမည် တပ်ပြီး ဖမ်းဝရမ်း ထုတ်ထားဆဲဖြစ်သည်။

ယင်း ၁၀ ယောက်ထဲတွင် မဇ္ဈိမသတင်းဌာန၏ စီမံခန့်ခွဲမှုဒါရိုက်တာနှင့် အယ်ဒီတာချုပ် ဖြစ်သူ ဦးစိုးမြင့် နှင့် စီမံခန့်ခွဲမှု အယ်ဒီတာဦးစိန်ဝင်းတို့ ပါဝင်သည်။

ယင်းအပြင် အာဏာသိမ်း စစ်တပ်က ယနေ့ ပြန်လွှတ်ပေးမည့် စာရင်းတွင် သတင်းမီဒီယာသမားတချို့လည်း ပါဝင်ကြောင်း ကနဦး သတင်းများ ထွက်ပေါ်နေသည်။

အဆိုပါ သတင်းထွက်ပေါ်နေသည့် သတင်းသမားများမှာ Kachin Wave သတင်းဌာနမှ ဦးလရော်၊ 74 မီဒီယာမှ မချမ်းဘူ၊ မဆိုင်းနုပန်၊ ခေတ်ပုံရိပ် သတင်းဌာနမှ ကိုအောင်ခန့်နှင့် သတင်းထောက် ဦးကျော်မြင့်တို့ ဖြစ်သည်။

သို့သော် ယင်းစာရင်းတွင် ၅၀၅ (က) ဖြင့် တရားစွဲဆို ခံနေရသော နေပြည်တော် အခြေစိုက် မဇ္ဈိမ သတင်းဌာန အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်နှင့် မြိတ်မြို့အခြေစိုက် မဇ္ဈိမသတင်းထောက် ကိုဇော်ဇော်တို့ ပါဝင်လာခြင်း မရှိသေးပေ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူများအနက် အကျဉ်းကျခံနေရသူ ၁,၃၁၆ ဦးနှင့် တရားစွဲ အမှုရင်ဆိုင်နေရဆဲဖြစ်သူ ၄,၃၂၀ ဦးကို သီတင်းကျွတ် အထိမ်းအမှတ်အဖြစ် ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ယနေ့အောက်တိုဘာလ ၁၈ ရက် မွန်းလွဲပိုင်းတွင် ကြေညာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly