ယခင်တာလီဘန်အစိုးရလက်ထက် အမှုထမ်းဟောင်းများကို ပိတ်ပင်မှုများကနေ ကင်းလွတ်ခွင့်ပြုဟု ဘိုင်ဒင် ပြော

By Khaama
18 October 2021
ယခင်တာလီဘန်အစိုးရလက်ထက် အမှုထမ်းဟောင်းများကို ပိတ်ပင်မှုများကနေ ကင်းလွတ်ခွင့်ပြုဟု ဘိုင်ဒင် ပြော

အာဖဂန်နစ္စတန်၌ ၁၉၉၆-၂၀၀၁ ခုနှစ်ကာလအတွင်း အုပ်ချုပ်ခဲ့သော ယခင်တာလီဘန်အစိုးရအတွက် အလုပ်လုပ်ပေးခဲ့သည့် အစိုးရအမှုထမ်းဟောင်းများကို အကြမ်းဖက်မှုနှင့် စပ်လျဥ်းသည့် ပိတ်ပင်မှုများကနေ ကင်းလွတ်ခွင့်ပြုသွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့ကို အမေရိကန်ဆီ လာရောက်လည်ပတ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်သည့် အစိုးရဆိုင်ရာ မှတ်တမ်းတစ်ခုကို Fox News က အောက်တိုဘာ ၁၄ ရက်တွင် ရရှိခဲ့သည်။

အဆိုပါ မှတ်တမ်းအရ အာဖဂန်နစ္စတန်၌ ယခင်တာလီဘန်တို့ အုပ်ချုပ်ခဲ့စဥ် ကာလ (၁၉၉၆-၂၀၀၁) အတွင်း ခြိမ်းခြောက် အကျပ်ကိုင်ခံရမှုအောက် သို့မဟုတ် အခြားသော အခက်အခဲဒုက္ခများအောက်တွင် အလုပ်ခန့်အပ် ခိုင်းစေခံခဲ့ရသည့် အစိုးရအမှုထမ်းများ၊ ၁၉၉၀ ကာလအတွင်း တာလီဘန်တို့၏ ဖိနှိပ်မှုများကနေ သက်သာရာရစေနိုင်ရေးအတွက် ၎င်းတို့အလိုကျ လုပ်ကိုင်ပေးခဲ့ရသူများကို ယခုကဲ့သို့ အမေရိကန်က ပိတ်ပင်မှုများကနေ ကင်းလွတ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့ပြင် အဆိုပါ အစိုးရအမှုထမ်းဟောင်းများသည် လူသားချင်းစာနာမှု လုပ်ဆောင်ချက်များကို လုပ်ခဲ့သလို နိုင်ငံတကာ လုံခြုံရေး အကူအညီတပ်ဖွဲ့ (ISAF) နှင့်လည်း ယင်းကဲ့သို့ အတူ ဆက်လက်လုပ်ကိုင်ခဲ့သည့်အပြင် ၂၀၀၁ ခုနှစ်တွင် ထူထောင်ခဲ့သည့် အာဖဂန်အစိုးရသစ်နှင့်လည်း အတူလက်တွဲလုပ်ကိုင်ထားခဲ့သူများ ဖြစ်သည်ဟု မှတ်တမ်းတွင် ပြောထားသည်။

၁၉၉၆ မှ ၂၀၀၁ အထိ တာလီဘန်တို့၏ ပထမအစိုးရကာလမတိုင်မီက လူပုဂ္ဂိုလ်များအနေဖြင့်မူ ၎င်းတို့၏ နောက်ကြောင်းရာဇဝင် ပြန်လည်စစ်ဆေးမှုကနေ ကင်းလွတ်ခွင့်ရမည် မဟုတ်သလို လက်ရှိ စစ်ဆေးမှုများကနေလည်း ကင်းလွတ်ခွင့်ရမည် မဟုတ်ကြောင်းနှင့် ၎င်းတို့ အမေရိကန်နိုင်ငံထဲ ဝင်ပါက စိစစ် စစ်ဆေးမှု ခံယူရရန် လိုကြောင်း သိရသည်။

အမေရိကန်သည် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်စုအတွင်း ၎င်းတို့အတွက် အလုပ်လုပ်ပေးခဲ့သည့် မဟာမိတ် အာဖဂန် ထောင်နှင့်ချီကို ဘေးလွတ်ရာ ခေါ်ထုတ်ပေးနိုင်ရေး အပြင်းအထန် ကြိုးပမ်းနေရဆဲ ရှိစဥ် ယခု ဆုံးဖြတ်ချက် ထွက်ရှိလာခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် လက်ရှိ တာလီဘန် ကြားဖြတ်အစိုးရအဖွဲ့၏ ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိ အများအပြားမှာ အမေရိကန်၏ အမည်ပျက်စာရင်းတွင် ဆက်ရှိနေဆဲဖြစ်ပြီး ၎င်းတို့အတွက် ဆုငွေထုတ်မှုများ ရှိနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly