ပါကစ္စတန်၌ ပက်ရှ်တွန် တဟာဖက်ဇ် လှုပ်ရှားမှုအုပ်စု အကြီးအကဲကို တရားခံပြေးအဖြစ် တရားရုံးက ကြေညာ

ပါကစ္စတန်၌ ပက်ရှ်တွန် တဟာဖက်ဇ် လှုပ်ရှားမှုအုပ်စု အကြီးအကဲကို တရားခံပြေးအဖြစ် တရားရုံးက ကြေညာ

ပါကစ္စတန်နိုင်ငံတွင် ပက်ရှ်တွန် တဟာဖက်ဇ် လှုပ်ရှားမှုအုပ်စု (PTM) ၏ အကြီးအကဲ မန်ဇူ ပက်ရှ်တင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မိုဟ်ဆင်း ဒါဝါ နှင့် အခြား နှစ်ဦးတို့ကို ကရာချိမြို့ရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ တရားရုံးတစ်ရုံးက အောက်တိုဘာ ၁၃ ရက်တွင် တရားခံပြေးများအဖြစ် ကြေညာခဲ့သည်။ နိုင်ငံတော် အကြည်ညိုပျက်စေမှု နှင့် ကရာချိမြို့ လူစုဝေးပွဲတစ်ခုအတွင်း နိုင်ငံတော်အဖွဲ့အစည်းများအပေါ် စော်ကားသည့် အသုံးအနှုန်းများ သုံးစွဲမှု တို့နှင့် ပတ်သက်သည့် အမှုကိစ္စတစ်ခုနှင့်ပတ်သက်၍ ၎င်းတို့ကို တရားရုံးက တရားခံပြေးများအဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။

ပက်ရှ်တင်း အပြင် ဒါဝါ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အလီ ဝါဇီအာ ၊ မူဟာမက်ဒ် ရှာဖီ နှင့် ဟီဒါယာတူလာ ပက်ရှ်တင်း တို့အပါအဝင် PTM အုပ်စု၏ ခေါင်းဆောင်အချို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ၂၀၂၀ ဒီဇင်ဘာ ၆ ရက် ဆိုရက်ဘ် ဂို့သ် ဧရိယာတွင် ပြုလုပ်ခဲ့သည့် လူစုဝေးပွဲတစ်ခု၌ လုံခြုံရေးတပ်ဖွဲ့များကို ရိုင်းစိုင်းသည့် အသုံးအနှုန်းများ သုံးမှု၊ အစိုးရအပေါ် စစ်ဆင်နွှဲစေရေး အများပြည်သူကို သွေးထိုးလှုံ့ဆော်မှုတို့အတွက် အမှုတွဲ ဖွင့်ထားခဲ့သည်။

အောက်တိုဘာ ၁၃ ရက် တရားရုံး ကြားနာမှုတွင် ဖမ်းဆီးခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အလီ ဝါဇီအာကို ရုံးထုတ်ခဲ့သလို အာမခံဖြင့် လွတ်နေခဲ့သည့် အခြားသူများကိုလည်း ရုံးထုတ်ခဲ့သည်။ တရားသူကြီးသည် ဗဟိုအကျဥ်းထောင်အတွင်းရှိ တရားစီရင်ရေးအဆောက်အအုံတွင် ကြားနာစစ်ဆေးမှုကို လုပ်ဆောင်ခဲ့သည်။

ကြားနာမှု စတင်ချိန်တွင် အမှုစစ်အရာရှိက အစီရင်ခံစာတစ်စောင် တင်ခဲ့ပြီး ယင်းတွင် ထွက်ပြေးတိမ်းရှောင်နေသည့် သံသယရှိသူများဖြစ်ကြသည့် ပက်ရှ်တင်း၊ ဒါဝါ ၊ ရှာဖီ ၊ ဟီဒါယာတူလာ တို့ကို တရားရုံး ညွှန်ကြားချက်များနှင့်အညီ ဖမ်းဆီးရန် ကြိုးပမ်းထားခဲ့သော်လည်း ၎င်းတို့ကို ခြေရာခံနိုင်ခြင်း မရှိဟု ဖော်ပြထားသည်။

ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၈၇ အောက်တွင် ထွက်ပြေးတိမ်းရှောင်နေသူအဖြစ် ထုတ်ပြန်ကြေညာမှု လုပ်ငန်းစဥ်ကို အပြီးသတ်ထားပြီး ဖြစ်ကြောင်း၊ သို့သော် သံသယရှိသူများကို မဝေးလှသည့် ကာလတစ်ခုအတွင်း ဖမ်းမိနိုင်မည့် အလားအလာ မရှိသေးကြောင်း ၎င်းက ပြောခဲ့သည်။

တချိန်တည်းမှာပင် ကရာချိမြို့ ဘယ်လ်ဒီယာ နှင့် ဆက်ဒါ ဌာနခွဲတို့မှ အခွန်ဘဏ္ဍာ အရာရှိများနှင့် ပက်ရှာဝါ နှင့် တောင်ပိုင်း ဝါဇီရစ္စတန်တို့မှ ဒုတိယ ကော်မရှင်အဖွဲ့ဝင်များက PTM ခေါင်းဆောင် လေးဦး ပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော သို့မဟုတ် ရွှေ့ပြောင်း၍ မရနိုင်သော အဆောက်အအုံ၊ ပိုင်ဆိုင်မှုပစ္စည်းများကို ထိန်းသိမ်းမှု လုပ်ငန်းစဥ်နှင့် ပတ်သက်၍ ၎င်းတို့၏ အစီရင်ခံစာများကို တင်ပြကြသည်။

ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၈၈ အောက်တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ၎င်းတို့၏ ပိုင်ဆိုင်ပစ္စည်းများကို ခြေရာခံစုံစမ်းမှု လုပ်ငန်းစဥ် ပြီးစီးထားခဲ့ကြောင်း၊ ၎င်းတို့အနက် မည်သူကမှ ကရာချိ၊ ပက်ရှာဝါ နှင့် တောင်ပိုင်း ဝါဇီရစ္စတန်တို့တွင် အဆောက်အအုံ ပိုင်ဆိုင်မှု မရှိကြောင်းကို စစ်ဆေးတွေ့ရှိထားကြောင်း ဘဏ္ဍာအခွန် အရာရှိများက ထုတ်ဖော်သည်။

အမှုစစ် အရာရှိ၏ အစီရင်ခံစာ တင်ပြမှုအပြီးတွင် တရားသူကြီးက ယခုအမှုတွင် စွပ်စွဲခံထားရသူများကို အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်နေကြသည့် ပြစ်မှုကျူးလွန်သူ တရားခံပြေးများအဖြစ် ကြေညာကြောင်း အမိန့်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly