တရုတ်၏ လျှပ်စစ်ဓာတ်အား အခက်အခဲများက မဟာဗျူဟာအားနည်းချက်ကို ပြသနေ

By Chicago Tribune
18 October 2021
တရုတ်၏ လျှပ်စစ်ဓာတ်အား အခက်အခဲများက မဟာဗျူဟာအားနည်းချက်ကို ပြသနေ

ပေါင်မုန့်ကုမ္ပဏီသည် ၎င်း၏မုန့်ဖိုများအတွက် လိုအပ်သော လျှပ်စစ်စွမ်းအားအားလုံးကိုမရနိုင်ပေ။ ကမ္ဘာ့အကြီးဆုံး သုတ်ဆေးထုတ်လုပ်သူအချို့အတွက်ဓာတုပစ္စည်းများပေးသွင်းသူကလည်း ထုတ်လုပ်မှုလျှော့ချကြောင်းကိုကြေညာခဲ့သည်။ ဆိပ်ကမ်းမြို့တစ်မြို့သည် ကုန်ထုတ်လုပ်သူများအတွက် လျှပ်စစ်ဓာတ်အားခွဲတမ်း သတ်မှတ်ချက်ကို ၁ ရက်တည်းမှာပင် ၄ ကြိမ်ပြောင်းလဲခဲ့သည်။

တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် စိတ်ချရသောကုန်ထုတ်လုပ်မှုအတွက် ကမ္ဘာ့မြို့ကြီးအဖြစ် နိုင်ငံ့အခြေအနေကို စမ်းသပ်လျက် စက်ရုံများနှင့်စက်မှုလုပ်ငန်းများကို ဂယက်ရိုက်စေသည်။ ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသောဓာတ်ငွေ့ထုတ်လွှတ်မှုကိုတားဆီးရန် ယခင်ကတိပြုထားသော်လည်း အာဏာပိုင်များသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် နိုင်ငံအဝှမ်း ကျောက်မီးသွေးပိုမိုထုတ်လုပ်ရန် အောက်တိုဘာ ၁၃ ရက် ကြေညာခဲ့ရသည်။

ခွင့်ပြုချက်မရှိဘဲပိတ်ထားသော သတ္တုတွင်းများကို ပြန်ဖွင့်ရန် အမိန့်ပေးခဲ့သည်။ ပြုပြင်မွမ်းမံရန်ပိတ်ထားသော ကျောက်မီးသွေးတွင်းများနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများသည်လည်း ပြန်လည်ဖွင့်ရမည်ဖြစ်သည်။

ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများအတွက် အခွန်မက်လုံးများရေးဆွဲနေကာ ကျောက်မီးသွေး ကဏ္ဍအတွက်ချေးငွေအမြောက်အမြားပေးရန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက တရုတ်ဘဏ်များအား ညွှန်ကြားထားသည်။

မကြာမီ ကျောက်မီးသွေးမည်မျှတူးဖော် အသုံးပြုနိုင်မှုအပေါ်မူတည်လျက် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုက ပြည်သူများမျှော်လင့်ထားသည့် ခိုင်မာသောစီးပွားရေးတိုးတက်မှုကို လာမည့်လများအတွင်း ပေးနိုင်မည်လားဆိုသည့် မေးခွန်းထုတ်စရာဖြစ်လာသည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် တရုတ်၏မဟာဗျူဟာမြောက်အားနည်းချက်များအနက် တစ်ခုဖြစ်ကြောင်းကိုလည်း ဖွင့်ဟပြလိုက်သည်။ တရုတ်သည် အလွန်လောဘကြီးကာ အငမ်းမရ စွမ်းအင်လက်ဝါးကြီးအုပ်သူ ဖြစ်သည်။ တရုတ်သည်အဓိကအားဖြင့် ၎င်း၏ကျောက်မီးသွေးကိုအလွန်အမင်း မှီခိုအားထားမှုကြောင့် ကမ္ဘာပေါ်တွင်ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံးထုတ်လွှတ်သည့် နိုင်ငံဖြစ်လာသည်။

တရုတ်နိုင်ငံ၌ ကျောက်မီးသွေးကိုပိုမိုတူးဖော်ရန်နှင့်အသုံးပြုရန် လိုအပ်လာမည့် ဆောင်းရာသီရောက်ပြီ ဖြစ်သောကြောင့် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များအတွက် စက်မှုပစ္စည်းများကို အပြည့်အဝထုတ်လုပ်နိုင်ရေး စက်ရုံများအားဆက်လက်လည်ပတ်ရန် ခွင့်ပြုမလားဆိုသည်ကို အစိုးရအနေဖြင့် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly