လာမည့်ရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းကို အန်စလော့တီ ကိုင်တွယ်မည်

လာမည့်ရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းကို အန်စလော့တီ ကိုင်တွယ်မည်

မြူးနစ်၊ ဒီဇင်ဘာ ၂၃ ။         ။ ရီးယဲလ်အသင်းမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဘောလုံးလောကမှ အနားယူနေသည့် အီတလီလူမျိုးနည်းပြ အန်စလော့တီသည် လာမည့်ရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းကို တာဝန်ယူကိုင်တွယ်တော့မည် ဖြစ်သည်။

လက်ရှိဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂွါဒီယိုလာသည် အသင်းနှင့် ချုပ်ဆိုထားသည့် သုံးနှစ်သက်တမ်းစာချုပ်ကုန်ဆုံးမည့် ယခုနှစ်ရာသီအကုန်တွင် အသင်းပြောင်းရွှေ့တော့မည် ဖြစ်သည့်အတွက် အန်စလော့တီနှင့် အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်သည်။

အန်စလော့တီသည် ပြီးခဲ့သည့် နှစ်လက ဘွန်ဒက်စ်လီဂါပြိုင်ပွဲများကို ကြည့်ရှုရခြင်းအား နှစ်သက်ခြင်းမရှိကြောင်းနှင့် စစ်မှန်သည့် ပြိုင်ဆိုင်မှု မရှိဟု ပြောဆိုခဲ့ပြီးနောက် ယခု ဘိုင်ယန်မြူးနစ်နည်းပြ အလုပ်ကို လက်ခံခဲ့ခြင်း ဖြစ်သည်။

အေစီမီလန်၊ ချယ်လ်ဆီး၊ ရီးယဲလ်နှင့် ပီအက်စ်ဂျီ အသင်းများကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုများရခဲ့သည့် အန်စလော့တီသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

ယခုမူ အန်စလော့တီက 'လာမယ့်ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဖြစ်လာတော့မှာ ဖြစ်လို့ ဂုဏ်ယူပါတယ်။ ဘိုင်ယန်အသင်းက ကျွန်တော့်ကို စိတ်ဝင်စားနေတယ်လို့ သိရတဲ့ အချိန်မှာ အခြားကမ်းလှမ်းမှုတွေကို မစဉ်းစားတော့ပါဘူး။

ကျွန်တော့်သူငယ်ချင်း ဂွါဒီယိုလာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ဒီရာသီမှာ အကောင်းဆုံးအောင်မြင်မှုတွေ ရရှိပါစေလို့ ရိုးသားစွာ ဆန္ဒပြုပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပရိသတ်တွေနဲ့ အားလုံးပဲ ပျော်ရွင်စရာကောင်းပြီး ငြိမ်းချမ်းတဲ့ ခရစ္စမတ်နဲ့နှစ်သစ်ကူးကာလ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်' ဟု ပြောဆိုခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly