အာဖဂန်နစ္စတန်ကို အကြမ်းဖက်ဝါဒအတွက် အသုံးမပြုရန် အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်းပြောကြား

အာဖဂန်နစ္စတန်ကို အကြမ်းဖက်ဝါဒအတွက် အသုံးမပြုရန် အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်းပြောကြား

အာဖဂန်နစ္စတန်နိုင်ငံပိုင်နက်ကို ဒေသတွင်း သို့မဟုတ် တစ်ကမ္ဘာလုံးနှင့် ဆိုင်သည့် အစွန်းရောက်နှင့် အကြမ်းဖက်ဝါဒအတွက် နေရာတစ်ခုဖြစ်မလာစေရန် လိုအပ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ကမ္ဘာ့ထိပ်သီး နိုင်ငံ ၂၀ (ဂျီ-၂၀) ၏ အထူးအစည်းအဝေးတွင် ပြောကြားလိုက်သည်။

အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီက သဘာပတိအဖြစ် ဦးဆောင်၍ အောက်တိုဘာ ၁၂ ရက်က အွန်လိုင်းမှ ကျင်းပသည့် အ စည်းအဝေးသည် အာဖဂကန်နစ္စတန်နိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့် အခြေအနေများကို ဆွေးနွေးရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအခြေအနေ၊ အကြမ်းဝါဒနှင့် သက်ဆိုင်သည် အကြောင်းအရာများနှင့် တာလီဘန်တို့ နိုင်ငံကို သိမ်းပိုက်ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကို ဖြေရှင်းရေးအတွက် ညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။

ဝန်ကြီးချုပ် မိုဒီ၏ အိန္ဒိယ-အာဖဂန်နစ္စတန် ဆက်ဆံရေး ဆွေးနွေးချက်

အိန္ဒိယနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ ပြည်သူများအကြား ရာစုနှစ်ပေါင်းများစွာ ဆက်ဆံရေးနှင့် ပတ်သက်၍ ဝန်ကြီးချုပ်မိုဒီက လွန်ခဲ့သည့် ၁၀ စုနှစ် ၂ ခုအတွင်း အိန္ဒိယသည် အာဖဂန်နစ္စတန်၏ လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် လူငယ်များနှင့် အမျိုးသမီးများ၏ စွမ်းရည်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီခဲ့ကြောင်း ပြောကြားခဲ့သလို အိန္ဒိယက အာဖဂန်နစ္စတန်တွင် အကောင်အထည်ဖော်ထားသည့် စီမံကိန်း ၅၀၀ ကျော်ရှိကြောင်းလည်း ပြောကြားသည်။

“အာဖဂန်ပြည်သူတွေက အိန္ဒိယနဲ့ အလွန်ပဲ ခင်မင်ရင်းနှီးကြပါတယ်လို့ ဝန်ကြီးချုပ်က မှတ်ချက်ပြုခဲ့တယ်။ ငတ်မွတ်မှု၊ အစာရေစာမပြည့်စုံမှုတို့ကို ကြုံတွေ့နေရသည့် အာဖဂန်ပြည်သူများအတွက် အိန္ဒိယနိုင်ငံသားတို်ငးက နာကျင်ခံစားရကြောင်း ၎င်းက ပြောကြားပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ချက်ခြင်း အဟန့်အတားမဖြစ်စေဘဲ ရရှိစေနိုင်ဖို့ နိုင်ငံတာအသိုင်းအဝိုင်းက ဆောင်ရွက်ဖို့လိုကြောင်းလည်း တိုက်တွန်းခဲ့ပါတယ်” ဟု အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်အား အကြမ်းဖက်ဝါဒအတွက် အသုံးမပြုစေရန်

အစွန်းရောက်အယူအဆ၊ အကြမ်းဖက်ဝါဒ၊ ဒေသတွင်း မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှုများကို စုပေါင်း တိုက်ဖျက်ရန် လိုအပ်ကြောင်းလည်း ဝန်ကြီးချုပ်မိုဒီက ထည့်သွင်းပြောကြားသည်။

ထို့ပြင် အာဖဂန်နစ္စတန်အနေဖြင့် လွန်ခဲ့သည့် နှစ် ၂၀ ကာလအတွင်းက ရရှိခဲ့သည့် လူမှု-စီးပွားအခြေအနေများကို ထိန်းသိမ်းရန်နှင့် အစွန်းရောက်အတွေးအခေါ်မပျံ့ပွားရေးတို့အတွက် အမျိုးသမီးများနှင့် လူနည်းစုများအပါအဝင် အားလုံးပါဝင်သည့် အုပ်ချုပ်ရေးတစ်ရပ် ဖြစ်ပေါ်စေရေးလည်း ဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်။

အာဖဂန်နစ္စတန်အရေးတွင် ကုလသမဂ္ဂ၏ အရေးပါသည့်အခန်းကဏ္ဍကို ထောက်ခံကြောင်းပြောကြားခဲ့သလို အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၅၃၉ တွင်ပါဝင်သော အချက်များအား ဂျီ-၂၀ နိုင်ငံများက ပြန်လည်ပံ့ပိုးပေးရန်နှင့် အာဖဂန်နစ္စတန်နိုင်ငံ၏ အခြေအနေအပေါ် ညီညွတ်စွာ တုံ့ပြန်ဆောင်ရွက်ရေးကို နို်ငငံတကာအသိုင်းအဝိုင်းက တိုးမြှင့်လုပ်ဆောင်ရန် လည်း တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly