တရုတ်နိုင်ငံက လူလိုက်ပါမည့် အရှည်ကြာဆုံး ခရီးစဉ်တွင် အာကာသယာဉ်မှူး ၃ ဦးပါဝင်မည်

တရုတ်နိုင်ငံက လူလိုက်ပါမည့် အရှည်ကြာဆုံး ခရီးစဉ်တွင် အာကာသယာဉ်မှူး ၃ ဦးပါဝင်မည်

တရုတ်သည်အာကာသစခန်း၌ ၆ လကြာနေထိုင်မည့် အာကာသယာဉ်မှူး ၃ဦးအား စေလွှတ်ရန်ပြင်ဆင်နေပြီး မကြာသေးမီနှစ်များအတွင်း လျင်မြန်စွာတိုးတက်လာသော အစီအစဉ်တစ်ခုအတွက် မှတ်တိုင်သစ်တစ်ခုဖြစ်သည်။

ယင်းခရီးစဉ်သည် တရုတ်နိုင်ငံ၏ အရှည်ကြာဆုံးသော လူလိုက်ပါသည့် အာကာသခရီးစဉ်ဖြစ်ပြီး တရုတ်အာကာသယာဉ်မှူးများ အာကာသတွင် ကုန်ဆုံးချိန်အများဆုံးအဖြစ် စံချိန်တင်မည်ဖြစ်သည်။

Shenzhou-13 အာကာသယာဉ်သည် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဂိုဘီသဲကန္တာရအစွန်းရှိ ကျိုရွှမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၆ ရက် နံနက်အစောပိုင်းတွင် Long March-2F ဒုံးပျံဖြင့် အာကာသထဲသို့လွှတ်တင်ရန်မျှော်မှန်းထားသည်။

အာကာသစခန်း၏ ပင်မအခန်းTianheပေါ်တွင် ရက်၉၀ကြာ ခရီးစဉ်ကိုဦးဆောင်ခဲ့သော ပထမဆုံးအဖွဲ့သည် စက်တင်ဘာလလယ်တွင် ပြန်လာခဲ့သည်။

အဖွဲ့အသစ်တွင် ပါဝင်သည့် အာကာသခရီးစဉ် အတွေ့အကြုံရှိသူ ၂ ဦးတွင် အသက်၅၅နှစ်ရှိ လေယာဉ်မှူးကျိုင်ကျိဂန်သည် တရုတ်နိုင်ငံ၏ပထမဆုံးအာကာသတွင်း လမ်းလျှောက်ပြခဲ့သူဖြစ်သည် ။ ခရီးစဉ်၌ တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည့် ၄၁နှစ် အရွယ် ဝမ်ယာဖျင်က စမ်းသပ်မှုများဆောင်ရွက်ခဲ့ပြီး တရုတ်၏ အစောပိုင်း စမ်းသပ်အာကာသစခန်းတစ်ခုတွင်ရှိစဉ် တစ်ချိန်တည်းမှာပင် သိပ္ပံအတန်းကိုဦးဆောင်ခဲ့သည်။ အသက်၄၁နှစ်အရွယ်ယီကွမ်ဖူက အာကာသသို့ပထမဆုံးအကြိမ်အဖြစ် သွားရောက်မည်ဖြစ်သည်။

“၂ နှစ်နီးပါး အတူလေ့ကျင့်ပြီးတဲ့အခါ ကျွန်တော်တို့ အဖွဲ့သားတွေဟာ အခုဆို တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိနေကြပြီး အပြန်အလှန်နားလည်မှုတွေလည်းရှိပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ စွမ်းအားနဲ့ ဉာဏ်ပညာတွေက အခက်အခဲအားလုံးကိုသေချာပေါက် ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ကျိုင်ကဆိုသည်။

China Manned Space Agency မှ လက်ထောက်ညွှန်ကြားရေးမှူးလင်ရှီရှောင်က ဒုံးပျံသည် လောင်စာဖြည့်၍ ပျံသန်းရန်အဆင်သင့်ဖြစ်နေကြောင်းပြောသည်။

“ Shenzhou-13 မစ်ရှင်ကိုလုပ်ဆောင်တဲ့ စနစ်အားလုံးဟာ ပြီးပြည့်စုံတဲ့ အစမ်းလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ပြီးပါပြီ။ အာကာသယာဉ်မှူးတွေလည်း အခြေအနေကောင်းပြီး ကျွန်တော်တို့ရဲ့ လွှတ်တင်မှုအကြို ပြင်ဆင်မှုတွေကအဆင်သင့်ဖြစ်နေပြီ”ဟုလင်ရှီရှောင်က အောက်တိုဘာ ၁၄ ရက်က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အာကာသခရီးစဉ်အဖွဲ့၏ သတ်မှတ်ထားသောဆောင်ရွက်ချက်များတွင် အာကာသစခန်းတိုးချဲ့ခြင်း၊ စက်ခန်းအတွင်း နေထိုင်မှုအခြေအများကို အတည်ပြုခြင်းနှင့် အာကာသဆေးပညာနှင့် အခြားနေရာများတွင်စမ်းသပ်မှုများ လုပ်ဆောင်ရန် ပြင်ဆင်ရာမှာ ကိရိယာများတပ်ဆင်ရန် အာကာသလမ်းလျှောက်မှု ၃ ကြိမ်အထိ ပြုလုပ်ခြင်းတို့ပါဝင်သည်ဟု လင်ရှီရှောင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly