တရုတ်က ဘဏ္ဍာရေးကဏ္ဍတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ပြန်လည်စတင်

တရုတ်က ဘဏ္ဍာရေးကဏ္ဍတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ပြန်လည်စတင်

တရုတ်အာဏာရကွန်မြူနစ်ပါတီသည် အကျင့်ပျက်ခြစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုများကို ဖော်ထုတ်ရန် နှစ်ရှည်လှုံ့ဆော်ရေး အစီအစဉ်သစ်တစ်ခုကို တစ်ကျော့ပြန်စတင်လျက် ယခုလတွင် နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော ဘဏ္ဍာရေးကဏ္ဍအပေါ် ဦးလှည့်လာသည်။

နိုင်ငံ၏ထိပ်တန်းအဂတိလိုက်စားမှု တိုက်ဖျက်ရေးစောင့်ကြည့်အဖွဲ့သည်၂၀၁၅ခုနှစ်မှစ၍ ၎င်း၏ ပထမဆုံး ညှိနှိုင်းစစ်ဆေးမှု၌ ဗဟိုဘဏ်၊ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းအဖွဲ့အစည်း၊ စတော့အိတ်ချိန်းများ၊ စီးပွားရေးဘဏ်များနှင့် ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုကုမ္ပဏီများအပါအဝင် အဖွဲ့အစည်းပေါင်း ၂၀ကျော်ကို အကြမ်းဖျင်းအားဖြင့် ၂ လကြာစစ်ဆေးမှုစတင်ခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် နိုင်ငံပိုင်ဘဏ်များနှင့် အခြားဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများက ပုဂ္ဂလိကကုမ္ပဏီကြီးများနှင့် တည်ဆောက်ခဲ့သော ဆက်ဆံရေးများကို စိစစ်လျက်ရှိသည်ဟု ထိုအစီအစဉ်ကို အကျွမ်းဝင်သူများအားကိုးကား၍The Wall Street Journal က အောက်တိုဘာ ၁၁ တွင် ဖော်ပြခဲ့သည်။

စည်းကမ်းဥပဒေစစ်ဆေးရေးဗဟိုကော်မရှင် (CCDI) ၏ အောက်တိုဘာ ၁၂ ထုတ်ပြန်ချက်အရ စစ်ဆေးခြင်းများသည် ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် တရားဝင်ထိန်းသိမ်းသူများ၏ ပါတီကော်မတီများအား ပြီးပြည့်စုံသော “နိုင်ငံရေးစစ်ဆေးမှု” ဖြစ်သည်ဟု ဆိုသည်။

CCDI စစ်ဆေးရေးအရာရှိများသည် အဂတိလိုက်စားမှုများအား ပါတီက စကားလုံးလှအောင် သုံးထားသော မည်သည့်နိုင်ငံရေးစည်းကမ်းချိုးဖောက်မှု ခေါင်းစဉ်ဖြင့် ရှာဖွေစစ်ဆေးမည်ဖြစ်သည်။

နိုင်ငံ့ဘဏ္ဍာရေးနှင့် တရားဝင်ထိန်းသိမ်းသူများအဖွဲ့ ၂၅ဖွဲ့၏ ပါတီအဖွဲ့အစည်းများကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် စက်တင်ဘာလနှောင်းပိုင်းက တရုတ်၏ထိပ်တန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရာရှိကျောင်လျဲ့ကျီ၏ တောင်းဆိုမှုအပြီး စစ်ဆေးရေးများ လုပ်ဆောင်လာခြင်းဖြစ်သည်။

တရုတ်သည်၂၀၂၀ခုနှစ် နှောင်းပိုင်းမှစ၍န ည်းပညာကုမ္ပဏီကြီးများနှင့် ပုဂ္ဂလိကပညာရေးကုမ္ပဏီများအား စတင်ဖိနှိပ်ရင်း “ရင်းနှီးမြှုပ်နှံမှု စည်းမဲ့ကမ်းမဲ့ ချဲ့ထွင်ခြင်းကို ကာကွယ်ခြင်း”ကို ထောက်ခံပေးလျက်ရှိသည်။

အဆိုပါ လှုံ့ဆော်မှုသည် လက်ဝါးကြီးအုပ်ဝါဒနှင့်မမျှတသော ယှဉ်ပြိုင်မှုအပြုအမူများကို ကိုင်တွယ်ဖြေရှင်းရန် အချို့သော လမ်းစဉ်ကုမ္ပဏီများ၏ အကြီးအကျယ်တိုးတက်မှုကိုကာကွယ်နိုင်ရေး အာရုံစိုက်ခဲ့သည်။

“နောက်ဆုံးဗဟိုစစ်ဆေးမှုက ရင်းနှီးမြှုပ်နှံမှုကို စည်းမဲ့ကမ်းမဲ့ချဲ့ထွင်တာကို ကာကွယ်ဖို့ဆိုတဲ့ သမ္မတရှီရဲ့ နှိုးဆော်မှုကို သေချာပေါက် အလေးအနက်ထားလာပါလိမ့်မယ် ”ဟု လွတ်လပ်သောသုတေသနကုမ္ပဏီPlenum ၏မိတ်ဖက်ဖန်ချူချန်ကပြောကြားခဲ့သည်။

“ပါတီခေါင်းဆောင်တွေကAnt IPO, Didi IPO နဲ့ နောက်ဆုံး အိမ်ခြံမြေစျေးကွက်အပါအဝင် မနှစ်ကစလို့ ဖြစ်စဉ်တွေဆက်တိုက် ကြုံတွေ့ပြီးတဲ့နောက် စနစ်ကျတဲ့ငွေကြေးဆိုင်ရာစွန့်စားမှုတွေကိုစီမံခန့်ခွဲရာမှာ ပိုမိုပြီးပြည့်စုံ ပြီး အထက်ကအောက်ချဉ်းကပ်မှုလိုအပ်တယ်ဆိုတာကိုသဘောပေါက်ဖွယ်ရှိပါတယ်” ဟု ဖန်ကပြောသည်။

ထိုကဏ္ဍကို၂၀၁၅တွင် နောက်ဆုံးအကြိမ်စစ်ဆေးစဉ်က ဘဏ်လုပ်ငန်းရှင်နှင့် အမှုဆောင်အရာရှိ ရာဂဏန်းထက်မနည်းသည် စစ်ဆေးခံရပြီးနောက် အလုပ်ထုတ်ခံခဲ့ရသည်။ပြစ်မှုများတွင်တားမြစ်ထားသော အတွင်းပိုင်း ဂုဏ်ပြုပွဲများစီစဉ်ခြင်းနှင့် ဖောက်သည်များထံမှ အပျော်ခရီးစဉ်များလက်ခံခြင်းတို့ပါဝင်သည်။

ရှန်ရှီးပြည်နယ်အနောက်မြောက်တွင် အခြေစိုက်သော Chang'an Bankမှ ဥက္ကဋ္ဌဟောင်းနှင့် ပါတီခေါင်းဆောင် ဖြစ်သူကို အကျင့်ပျက်ခြစားမှုကြောင့် ပါတီနှင့်ပြည်သူ့ရုံးမှ ထုတ်ပယ်ခဲ့သည်ဟု CCDI က အောက်တိုဘာ ၁၁ တွင် ပြောသည်။

မကြာသေးမီလများအတွင်းတရုတ်စည်းကမ်း ကြပ်မတ်သူများသည် Alibaba Group နှင့်Tencent Holdings ကဲ့သို့သော နိုင်ငံရှိအကြီးမားဆုံးကုမ္ပဏီအချို့ကို ပစ်မှတ်ထားလျက် နည်းပညာမှသည် ပညာရေးနှင့်အိမ်ခြံမြေအထိ ကဏ္ဍများစွာကို ချိန်ရွယ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly