မည်သည့် အဖွဲ့အစည်းနှင့်မျှ ဆက်နွှယ်မှု မရှိတော့ ဟု ဝက်လက်မြို့နယ်က ကြံခိုင်ရေးပါတီ စည်းရုံးရေးမှုးဟောင်း အရပ်ထဲ လှည့်ကြေညာ

မည်သည့် အဖွဲ့အစည်းနှင့်မျှ ဆက်နွှယ်မှု မရှိတော့ ဟု ဝက်လက်မြို့နယ်က ကြံခိုင်ရေးပါတီ စည်းရုံးရေးမှုးဟောင်း အရပ်ထဲ လှည့်ကြေညာ

အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရုံးပင်ကုန်းကျေးရွာမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၏ ပါတီစည်းရုံးရေးမှူးဟောင်း ဦးရဲထွန်းသည် လက်ရှိအချိန်တွင် မည်သည့် အဖွဲ့အစည်းနှင့်မျှ ပတ်သက်ဆက်နွှယ်မှု မရှိတော့ဟု ၎င်းကိုယ်တိုင် အရပ်ထဲ မိုက်ဖြင့် လိုက်လံ ကြေညာခဲ့သည့် ရုပ်သံဖိုင်တစ်ခု ယနေ့ အောက်တိုဘာ ၁၇ ရက်တွင် အင်တာနက် လူမှုကွန်ရက်၌ ပျံ့နှံ့ လာသည်။

ဦးရဲထွန်းသည် ပြီးခဲ့သည် ၂၀၀၆ ခုနှစ်တွင် ကြံ့ခိုင်ရေးပါတီ၏ ပါတီစည်းရုံးမှူးအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်ဟု ၎င်း၏ တစ်မိနစ် နီးပါးစာ ရုပ်သံဖိုင်တွင် ပြောဆို ရှင်းလင်းထားသည်။

“ကျွန်တော်ဦးရဲထွန်းသည် ယခင် ၂၀၀၆ ခုနှစ်တွင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး လုပ်ခဲ့ခြင်းမှအပ ယခုအခါတွင် မည်သည့် အဖွဲ့အစည်းနဲ့မျှ ပတ်သက်ခဲ့ခြင်း မရှိပါ။ နောက်နောင်တွင်လည်း ပတ်သက်ခြင်း ရှိမည်မဟုတ်ပါကြောင်း တင်ပြအပ်ပါသည်” ဟု ရုပ်သံဖိုင်တွင် ၎င်းက ပြောဆိုထားသည်။

ဝက်လက်မြို့ အခြေပြု လှုပ်ရှားနေသည့် ဖောင်းဒိုင်းဖောင်းဒိုင်း အဖွဲ့က “ရုံးပင်ကုန်းကျေးရွာရှိ ဒလန်လို့ သက်မှတ်ထားသော ဦးရဲထွန်း အခုလို ပြည်သူများထံ ရိုးသားစွာ ဝန်ခံပြီး အလင်း ဝင်လာတဲ့အတွက် ကျေးဇူးအများကြီး တင်တယ်။ ငါးရက်ရှိပြီ။ ကျွန်တော်တို့ စောင့်နေတာ။ ခုတော့ ကံကောင်းသွားပြီ” ဟု ၎င်းတို့၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ယနေ့ ရေးသားထားသည်ကို တွေ့ရသည်။

ဝက်လက်မြို့နယ်က စစ်ကောင်စီ လက်ပါးစေများအားလုံး ပြည်သူ့ဘက် အမြန်ဆုံး အလင်းဝင်ရန် ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က သတိပေးထားပြီး ယမန်နေ့ အောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ကျီးပန်းကန် ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ အသတ်ခံခဲ့ရ‌သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly