Alibabaက ပုံရိပ်ယောင် အာကာသခံစားမှုအတွေ့အကြုံနှင့် သက်ဆိုင်သည့် ကုန်အမှတ်တံဆိပ်များစွာကို မှတ်ပုံတင်နေ

By South China Moring Post
17 October 2021
Alibabaက ပုံရိပ်ယောင် အာကာသခံစားမှုအတွေ့အကြုံနှင့် သက်ဆိုင်သည့် ကုန်အမှတ်တံဆိပ်များစွာကို မှတ်ပုံတင်နေ

အင်တာနက်တွင် နောက်ထပ်ခေတ်စားလာမည့် ပုံရိပ်ယောင်အင်တာနက် ဆော့ဖ်ဝဲနှင့် ပတ်သက်သော အခွင့်အလမ်းများကို ရှာဖွေနေသည့် တရုတ်နည်းပညာကုမ္ပဏီများဖြစ်သည့် Tencent Holdings ကဲ့သို့ပင် တရုတ် အွန်လိုင်း ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီကြီး Alibaba Group Holding သည် ပုံရိပ်ယောင် အာကာသခံစားမှုအတွေ့အကြုံနှင့် (“Metaverse) နှင့် သက်ဆိုင်သော ကုန်အမှတ်တံဆိပ်များစွာကို မှတ်ပုံတင်နေသည်။

South China Morning Post သတင်းဌာနကို ပိုင်ဆိုင်သော Alibaba ကုမ္ပဏီသည် “ Ali Metaverse”,“ Taobao Metaverse” နှင့်“ DingDing Metaverse” ဟူအဓိပ္ပါယ်ရှိသော တရုတ် အသုံးအနှုန်းများကို ကုန်အမှတ်တံဆိပ်တင်ရန် လျှောက်ထားခဲ့ဟု စီးပွားရေးမှတ်ပုံတင်ခြင်းကို ခြေရာခံသည့် ချီချာချာ ဝက်ဘ်ဆိုက်က ဆိုသည်။

Taobaoသည် Alibaba ၏ အထင်ကရ အွန်လိုင်းဈေးဝယ်သည့် ဝက်ဘ်ဆိုက်ဖြစ်ပြီး DingTalkသည် ကုမ္ပဏီ၏ စကားပြောဆက်သွယ်ရေးအက်ပလီကေးရှင်း ဖြစ်သည်။

တရုတ်တွင်နည်းပညာကုမ္ပဏီများက တိုးတက်လာသောအယူအဆကိုစမ်းသပ်ရန် အလုအယက်ဖြင့် Metaverse နှင့် ဆက်စပ်နေသည့် ကုန်အမှတ်တံဆိပ်များ မှတ်ပုံတင်ရန် အပြိုင်အဆိုင် ကြိုးစားနေစဉ် ဟန်ကျိုးမြို့အခြေစိုက် Alibabaလုပ်ငန်းစုကြီး၏ လှုပ်ရှားမှုထွက်ပေါ်လာခြင်း ဖြစ်သည်။

Tencentသည် ဘက်စုံသုံးစူပါအက်ပလီကေးရှင်း WeChat၏ ပိုင်ရှင်နှင့် ကမ္ဘာအကြီးဆုံး ဗွီဒီယိုဂိမ်း ထုတ်လုပ်သည့် လုပ်ငန်း ဖြစ်ပြီး မှတ်ပုံတင်ခဲ့သည့် စာရင်းတွင် လက်ရှိ ကုမ္ပဏီ၏ စာတိုပေးပို့သည့် အက်ပလီကေးရှင်းနာမည်အတိုင်း “ QQ Metaverse”၊ လက်ရှိ တေးဂီတလွှင့် အက်ပလီကေးရှင်း နာမည်အတိုင်း“ QQ Music Metaverse” နှင့် လက်ရှိ မိုဘိုင်းဂိမ်း Honour of Kings နာမည်များအတိုင်း “ Kings Metaverse” အပါအဝင်အမှတ်တံဆိပ်ပေါင်း ၁၀ဝ ခန့်ကို စက်တင်ဘာလတွင် မှတ်ပုံတင်စာရင်းသွင်းခဲ့သည်။

အွန်လိုင်းဗွီဒီယိုပလက်ဖောင်းများဖြစ်သော Kuaishouနှင့် iQiyiတို့အပြင်လျှပ်စစ်ကားထုတ်လုပ်သူ Li Auto တို့သည်လည်း ယင်းတို့၏ Metaverse ဆိုင်ရာ အမှတ်တံဆိပ်များကို မှတ်ပုံတင်ရန် ကြိုးပမ်းခဲ့ကြသည်။

Metaverse ၏ သဘောတရားသည် ပထမဆုံးအနေဖြင့် စာရေးဆရာ နေးလ်စတီဖင်ဆန်ရေးသားသော ၁၉၉၂ ကမ္ဘာပျက်သိပ္ပံစိတ်ကူးယဉ် Snow Crash ဝတ္ထုတွင် စတင်ပေါ်ထွက်လာခဲ့ပြီး၊ ယင်းကို ဝေမျှနိုင်သည့် ကြီးမားသော 3D ပုံရိပ်ယောင်အဖြစ် ရည်ညွှန်းဖော်ပြကြပြီး အနာဂတ် အင်တာနက်အဖြစ် စိတ်ဝင်စားသူများက သတ်မှတ်ထားသည်။

အသုံးပြုသူများက ကစားနိုင်၊ ကုန်သွယ်နိုင်၊ အချိန်ဖြုန်းနိုင်သည့် ဒစ်ဂျစ်တယ်ကမ္ဘာအကြောင်းရေးသားခဲ့သည့် စာရေးဆရာ အားနက်ဆင်း၏ ဝတ္ထုကို အခြေခံ၍ ဒါရိုက်တာ စတိဖင် စပိဘာ့ဂ်က ရိုက်ကူးခဲ့သည့် နာမည်ကြီး ရုပ်ရှင် Ready Player One က ၂၀၁၈ခုနှစ်တွင် အောင်မြင်ပြီးနောက် ယင်းစိတ်ကူးကို စိတ်ဝင်စားသူ မြင့်တက် လာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly