PDF နှင့် ဆက်နွယ်သည်ဆိုကာ စစ်ကိုင်းတွင် ဖမ်းဆီးမှုများ

17 October 2021
PDF နှင့် ဆက်နွယ်သည်ဆိုကာ စစ်ကိုင်းတွင် ဖမ်းဆီးမှုများ

အောက်တိုဘာ ၁၇

စစ်ကိုင်းမြို့ မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ဆိုင်မှဝန်ထမ်းအမျိုးသမီးတစ်ဦးကို ပြည်သူ့ ကာကွယ်ရေးတပ် (PDF) နှင့်ဆက်သွယ်သည်ဟုစွပ်စွဲက စစ်ကောင်စီ တပ်က ယမန်နေ့ညနေပိုင်းက ဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။

အသက် ၂၀ ခန့်အရွယ် မဖြူမာထွန်း(ခ)ဖြူမာကိုကို ၎င်းအလုပ်လုပ်သည့် စစ်ကိုင်းမြို့ ပိုးတန်းရပ် Eleven Mobile Sale & Service တွင်ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ညနေ ၅ နာရီလောက်က အဲဒီဆိုင်ထဲအထိဝင်ဖမ်းတာပါ။ PDF တွေကိုကူညီ ထောက်ပံ့နေတယ်ဆိုပြီးဝင်ဖမ်းတာပါ၊ မဘသအုပ်စုက သတင်းပေးလိုက်တာ လို့ ပြန်သိရတယ်။ သူတို့က စစ်ကိုင်းမှာ တပ်မတော်ထောက်ခံသူများဆိုပြီး အုပ်စုဖွဲ့ထားပြီး ဒလန်လုပ်နေကြတာ” ဟု စစ်ကိုင်းမြို့ဒေသခံ သတင်းရင်းမြစ် တစ်ဦးကပြောသည်။

ယမန်နေ့ ည ၈ နာရီအချိန်ခန့်ကလည်း Sagaing Emergency Rescue Service (SERT) မှ ကိုရှိုင်းကိုဆိုသူ၏နေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ငွေကျပ် ၁၀ သိန်းကျော်နှင့်အတူ Laptop ကွန်ပျူတာတစ်လုံး၊ ဆိုင်ကယ်တစ်စီးနှင့်တန်ဖိုးကြီးပစ္စည်းများသိမ်းယူသွားသည်ဟုဆိုသည်။

“သူ့အိမ်ဝင်စီးတော့ သူ့မတွေ့လို့ဆိုပြီးပိုက်ဆံန့ပစ္စည်းတွေယူသွားတယ် ပြော တယ်၊ ပိုက်ဆံက ၁၀ သိန်းကျော်၊ သူ့ကွန်ပျူတာလည်းမသွားတယ်၊ ဆိုင်ကယ် ပါသိမ်းသွားတာ၊ တခြား တန်ဖိုးကြီးပစ္စည်းတွေလည်း စစ်သားတွေယူသွား တယ်၊ အဖမ်းမခံရင် အိမ်ကိုချိတ်ပိတ်မယ်လို့လည်း အော်သွားတာကြားလိုက် ကြတယ်" ဟု မျက်မြင်တစ်ဦးကပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့ကလည်း စစ်ကိုင်းမြို့ ပါယ်ငါးဆယ်ရွာ က နေအိမ် တစ်အိမ်ကို အလားတူဝင်စီးခံရပြီး အဆိုပါဝင်စီးခံရမှုဖြစ်စဉ်တွင် အင်အား ၂၀ကျော် ရှိသည့်စစ်ကောင်စီ လက်နက်ကိုင်များက အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် အသက် ၆၀ ကျော်အရွယ် နှလုံးရောဂါသည် အမျိုးသမီးတစ်ဦး ထိတ်လန့်သေဆုံးခဲ့မှုဖြစ်ပွားခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required