အင်ဒိုနီးရှားမှာ ခြေလျင်ခရီးကြမ်းထွက်တဲ့ ကင်းထောက်လူငယ် ၁၁ ဦး ရေနစ် သေဆုံး

အင်ဒိုနီးရှားမှာ ခြေလျင်ခရီးကြမ်းထွက်တဲ့ ကင်းထောက်လူငယ် ၁၁ ဦး ရေနစ် သေဆုံး
Photo - AFP

အောက်တိုဘာ ၁၇

အင်ဒိုနီးရှားနိုင်ငံမှာ ကင်းထောက်လူငယ်‌ ကျောင်းသားအဖွဲ့တစ်ဖွဲ့ ခြေလျင် ခရီးကြမ်းတစ်ခု ထွက်ခဲ့ကြချိန် လမ်းခရီးမှာ ကျောင်းသား ၁၁ ဦး ရေနစ်သေဆုံးပြီး အခြားနှစ်ဦး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။

အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အထိ အသက်အပိုင်းအခြား ရှိသူတွေ ဖြစ်တဲ့ ကင်းထောက်လူငယ် ၁၅၀ ဦးလောက် ပါတဲ့ အစ္စလမ္မစ် ကင်းထောက်လူငယ်အဖွဲ့တစ်ဖွဲ့ဟာ Cileuleur မြစ်ဘေးတစ်လျှောက် လမ်းလျှောက်ခရီးကြမ်း ထွက်ခဲ့ကြချိန် အဖွဲ့သား ၂၁ ယောက်က မြစ်ကို ဖြတ်ကူးဖို့ ကြိုးစားခဲ့ကြတယ်လို့ ယုံကြည်ရပါတယ်။

ယင်းနောက် အနီးအနားနေ ဒေသခံတွေက ကင်းထောက်လူငယ်အဖွဲ့သား ၁၀ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဘန်ဒေါင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆူပရီယိုနိုက ပြောပါတယ်။

“‌ကျောင်းသားနှစ်ယောက်ကတော့ ဆေးရုံရောက်နေပြီး အခြေအနေ စိုးရိမ်ရပါတယ်၊ ၁၁ ယောက်ကိုတော့ သေဆုံးလျက်သား ပြန်တွေ့ထားပါတယ်” လို့ ၎င်းက အေအက်ဖ်ပီကို ပြောပါတယ်။

ဒီ မတော်တဆမှု ဖြစ်စဉ် ဖြစ်ပွားရခြင်းရဲ့အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးလျက် ရှိသလို ခရီးစဉ်မှာ လိုက်ပါသွားသူတွေကို စာရင်းအတိအကျ ကောက်ယူပြီး ပြန်ရှာတွေ့နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီရဲ့ တရားဝင် သတိပေးမှုတွေ ရှိတဲ့ကြားကပဲ အဆိုပါ ကျောင်းသားအုပ်စုက ခြေလျင်ခရီးကြမ်း ထွက်ခဲ့ပြီး မြစ်ကမ်းပါးကို သန့်ရှင်းရေး လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ယင်းနိုင်ငံမှာ နိုဝင်ဘာလကုန်ပိုင်းမှာ စတင်ကျရောက်တဲ့ မိုးရာသီကာလအတွင်း ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ မြစ်ချောင်းအနီး ခြေလျင်ခရီးကြမ်းထွက်တာကို တားမြစ်ထားပါတယ်။

ယမန်နှစ် ဖေဖေါ်ဝါရီလကလည်း ကင်းထောက်လူငယ် ၁၀ ဦး ရုတ်တရက် ရေကြီးမှုတစ်ခုနဲ့ ကြုံပြီး မျောပါ သေဆုံးခဲ့ကာ လူနှစ်ဒါဇင်နီးပါး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required