လက်ရှိနိုင်ငံရေး အခြေအနေများအရ NCA အပေါ် ချင်းအမျိုးသား တပ်ဦး/ တပ်မတော် (CNF/CNA) ၏ သဘောထား

By ပါခွီး
17 October 2021
လက်ရှိနိုင်ငံရေး အခြေအနေများအရ NCA အပေါ် ချင်းအမျိုးသား တပ်ဦး/ တပ်မတော် (CNF/CNA) ၏ သဘောထား

အောက်တိုဘာ ၁၇

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA )လက်မှတ် ရေးထိုးခဲ့သည်မှာ ခြောက်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် NCA သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် (CNF/CNA)၏ ရပ်တည်ချက် သဘောထားများ၊ ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်များ တိုးချဲ့လာပြီး တိုက်ပွဲများ ဖြစ်ပွားနေသည့် အခြေအနေများနှင့် အကျိုးဆက်များကို သိရှိနိုင်စေရန် ချင်းအမျိုးသားတပ်ဦး/ တပ်မတော် (CNF /CNA) ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး (ပြောရေးဆိုခွင့်ရှိသူ) ဆလိုင်းထက်နီကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သည်။

မေး ။ ။ NCA ခြောက်နှစ်ပြည့် မိန့်ခွန်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောတယ်။ EAOs တွေအနေနဲ့ မီဒီယာတွေကို နားမယောင်ဖို့နဲ့ NCA ကို စောင့်ရှောက်ဖို့ လိုတယ်လို့ ပြောတယ်။ အခု ခြောက်နှစ် ပြည့်လာတဲ့အခါမှာ NCA ပေါ် CNF /CNA ရဲ့ ရပ်တည်ချက် သဘောထားကို ပြောပြပေးပါ။

ဖြေ ။ ။ မီဒီယာကို နားမယောင်ဖို့ ဆိုတာ စစ်ကောင်စီအနေနဲ့ မီဒီယာကို အသုံးမပြုဘူးလား။ အဲဒီလိုဆိုရင် သူတို့ထုတ်လွှင့်တဲ့ မြဝတီကိုလည်း နားယောင်ရမလားလို့ ပြန်မေးရမလို ဖြစ်နေပြီ။ NCA ကို စောင့်ရှောက်ဖို့ ဆိုတာ စောင့်ရှောက်စရာ NCA မှ မရှိတော့တာဘဲ။ NCA ကို သူတို့ကပဲ ဖျက်ဆီး ပစ်လိုက်တာလ။ NCA စာချုပ်က စာရွက်ထဲမှာတော့ ရှိချင်ရှိမယ်။ အသက် မဝင်တော့ဘူးလို့ပဲ ပြောချင်တယ် ။ မြန်မာ့နိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဟာ CNF ရဲ့ ရပ်တည်ချက်ပါ။ အဲဒါကြောင့် NCA ကို လက်မှတ်ရေးထိုးခဲ့တယ်။ NCA ကို အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရင်း ပြန်လည် ရင်ကြားစေ့ရေး အခြေခံနဲ့ အကောင်အထည်ဖော်ဖို့ သဘာထား ချမှတ်ခဲ့တယ်။ သို့သော် စစ်ကောင်စီက မတရား အာဏာ သိမ်းလိုက်တော့ ယုံကြည်မှု နဲ့ ရင်ကြားစေ့ရေးလမ်းစက ပျောက်သွားပြီ။ NCA လုပ်ငန်းစဥ်လည်း ပျက်သွားတယ်လို့ ပြောချင်တယ်။

NCA ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ EAO၊ နိုင်ငံရေးပါတီ စုဖွဲ့မှုနဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်တယ်။ စစ်ကောင်စီက အာဏာသိမ်းလိုက်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကို တရားဝင်မှုပေးနိုင်တဲ့ အစိုးရလည်း ပျက်သွားပြီ ။ လွှတ်တော်လည်း မရှိတော့ဘူး။ ဒီတော့ NCA ဖြစ်တည်ရာ ငြိမ်းချမ်းရေး လမ်းကြောင်းနဲ့ ဖြစ်စဉ်က ပျက်သွားပြီ။ ဒါပေမဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခဲ့ဖူးတဲ့ NCA လုပ်ငန်း မှတ်တမ်းလေး တစ်ခုတော့ ကျန်ခဲ့တာပေါ့။

မေး ။ ။ ဆက်လက်ပြီး NCA ရလဒ် အကောင်အထည်ဖော်ဖို့ ဘယ်လောက်ဖြစ်နိုင်ခြေရှိမလဲ၊ ဘာမျှော်လင့် နိုင်မလဲ။

ဖြေ ။ ။ NCA အတွေ့အကြုံအရ အာဏာ မသိမ်းခင် NCA ရလဒ်တွေကိုတောင်မှ အကောင်အထည် မဖော်နိုင်ခဲ့ဘူး ဆိုတော့ ဒီနေ့မှာ NCA ရလဒ်တွေ ပြန်လည် အကောင်အထည် ဖော်ဖို့ဆိုတာ ဖြစ်နိုင်ခြေ မရှိတော့ဘူးလို့ ပြောရမှာပဲ။ ဘာမှ မျှော်လင့်စရာ မရှိပါဘူး။ အကောင်အထည် ဖော်မယ့် အစိုးရတို့ လွှတ်တော်တို့ မရှိတော့ဘူး ။

မေး ။ ။ အခု စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပေါ် စစ်ရေး ပြင်ဆင်လှုပ်ရှားလာတာတွေရဲ့ နောက်ဆုံး အခြေအနေကို ပြောပြပေးပါ။

ဖြေ ။ ။ အခု ပွင့်လင်းရာသီ ရောက်ရောက်ချင်း မကွေးတိုင်းဘက်ကနေ ပခုက္ကူ၊ ကျောက်ထု ကနေ ချင်းပြည် တောင်ပိုင်းဘက်ကနေ လည်ကောင်း၊ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကနေ ချင်းပြည် မြောက်ပိုင်းဘက်ကနေ လည်ကောင်း၊ လမ်းကြောင်း နှစ်ကြောင်း နဲ့ အင်အား ဖြည့်လာနေပါတယ် ။ သံချပ်ကာ လေးစီး၊ ကားစီးရေ ၁၅၀ ခန့်နဲ့ တက်လာကြတယ်။ အနည်းဆုံး တပ်မ ခြောက်ခု ကနေ တပ်ရင်းတွေနဲ့ တက်လာကြတယ်။ အောက်တိုဘာ ၁၂ ရက် ကနေ ယခု ထိ တိုက်ပွဲ ရှစ်ကြိမ် ဖြစ်ပြီးပြီပေါ့။

မေး ။ ။ စစ်ကောင်စီက ဘာအတွက် ဒီလိုပြင်ဆင်နေတာလဲ၊ ဘာကြောင့်လဲ ။

ဖြေ ။ ။ ချင်းပြည်နယ်ဟာ စစ်ရေးအရ အတည်ငြိမ်ဆုံးဒေသ ဖြစ်ခဲ့တယ်။ မင်းအောင်လှိုင် ကိုယ်တိုင်က CNF/A ကို လက်နက်ကိုင် အဖွဲ့အစည်းလို့ မသတ်မှတ်ခဲ့ဘူး။ ဒီလိုအနေအထားကနေ စစ်ရေး အရ မတည်မငြိမ် ဖြစ်လာတော့ အင်အား မကြီးခင် ချေမှူန်းပစ်ဖို့ ဆိုတာဖြစ်နိုင်တယ်။ ဒါကြောင့် စကစ က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ NUG နဲ့ ပူးပေါင်းနေတဲ့ CNF ကို ပစ်မှတ်ထားလာတယ်။ ပြီးတော့ CNF က CDF နဲ့ PDF တပ်ဖွဲ့တွေကို သင်တန်းပေးနေတာရယ်၊ ချင်းပြည်အနှံ့ CDF အင်အား ကြီးလာတာရယ်၊ ချင်းပြည်သူတွေကနေ CNF နဲ့ CDF တပ်ဖွဲ့ကို ရပ်တည် ပေးနေတာရယ်၊ ဒါ့အပြင် ချင်းပြည်နယ်ဟာ တစ်နိုင်ငံလုံးမှာ CDM အများဆုံးနဲ့ SAC ၀န်ထမ်း လျှောက်သူ လုံးဝမရှိ တဲ့ ပြည်နယ် ဖြစ်နေတာတွေအပေါ် CNF/ CDF ကို ချေမှုန်းဖို့ အလုံးအရင်း ပြင်ဆင်လာတာပဲ။ အဓိက အတည်ငြိမ်ဆုံးဒေသဖြစ်တဲ့ ချင်းပြည်မှာ ချင်းလက်နက်ကိုင် အင်အားကြီးထွားလာ မှာကို စိုးရိမ်လို့ပေါ့။

မေး ။ ။ စစ်ကောင်စီ ရဲ့ ထိုးစစ်ကို CNF/A အနေနဲ့ ခုခံနိုင်မယ်လို့ ယုံကြည်ပါသလား။ ပြင်ဆင်ထားပြီးပါပြီလား။

ဖြေ ။ ။ CNF/A ဟာ ယုံကြည်ချက်နဲ့ အလုပ်လုပ်တာပါ။ ယုံကြည်ချက်အတွက် အကောင်းဆုံး ပြင်ဆင် ထားပါတယ်။ နောက်ပြီး စစ်ရေး အနေအထားအရ ဒီ စစ်ရေးဂွင် ဟာ ကျွန်တော်တို့နယ်မြေ၊ ဒီမြေ၊ ဒီရေ၊ ဒီဒေသဟာ ကျွန်တော်တို့ တောပစ်၊ ငှက်ပစ်၊ မြင်းစီး၊ ထင်းခွေတဲ့ နေရာဆိုတော့ ကျွန်တော်တို့ ဘက်က နယ်မြေကျွမ်းကျင်မှုမှာ သာတယ်။ ကျွန်တော်တို့အတွက် စစ်မြေပုံ မလိုဘူး။ ဒီတော်လှန်ရေးဟာ ကျွန်တော်တို့အတွက် “ဘုရင်နောင် ဖောင်ဖျက်” တိုက်ပွဲ အဖြစ် စိတ်ပိုင်းဖြတ် ထားတယ်။

မေး ။ ။ ချင်းပြည်နယ်မှာ လူမျိုး ၅၃ မျိုး ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အခုလည်း လူမျိုး (သို့မဟုတ်) ဒေသ အလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိပါတယ်။ အဲဒီ ကာကွယ်ရေး တပ်ဖွဲ့များရဲ့ အခြေအနေက ဘယ်လိုရှိ ပါသလဲ။ CNA နဲ့ ဆက်ဆံရေးအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ယနေ့မှာ ချင်းမျိုးနွယ်စု (၅၃) မျိုး ဆိုတာတွေ မရှိတော့ပါဘူး။ အားလုံးက ချင်းပဲ။ ဒါကလည်း စစ်ရေး အတွေ့အကြုံက ရရှိတဲ့ သင်ခန်းစာပေါ့။ စစ်ရေးမှာ စုစည်းမှ ရမယ်ဆိုတာ ကောင်းကောင်း သဘောပေါက် နားလည်ထားကြပြီ။ ဒါကြောင့်လည်း CNF/A ဦးဆောင်မှု နဲ့ စစ်ရေးဆိုင်ရာ ပူးတွဲ ကော်မတီဖွဲ့ပြီး တိုက်ပွဲကို ပူးပေါင်း ဆင်နွှဲနေတာ ဖြစ်ပါတယ်။

မေး ။ ။ အခုနောက်ဆုံး စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် အကျိုးဆက်အနေနဲ့ CNF/CNA ဘယ်လို သက်ရောက်နိုင်မလဲ။

ဖြေ ။ ။ အကျိုးသက်ရောက်မှုဆိုလို့ ဆိုးကျိုးနဲ့ ကောင်းကျိုး ရှိမှာပေါ့နော်။ ဆိုးကျိုးအနေနဲ့ စစ်ဘေးဒဏ်ကြောင့် ပြည်သူလူထုအတွင်း ထိခိုက်နစ်နာမှူ ဆုံးရှုံးမှု၊ စစ်ဘေးရှောင် ပြဿနာတွေတော့ ရှိလာမှာပဲ။ ခုလည်း ကြုံတွေ့နေရပါပြီ။ ဒါက စစ်ရေးမှာ ဘယ်လိုမှ လွဲရှောင်လို့ မရတဲ့အရာပေါ့။ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာနဲ့ မဆိုင်တဲ့ တွေ့ကရာ လူကို ပစ်သတ် နှိပ်စက်၊ အိမ်တွေ၊ ဘုရား ကျောင်းကန်တွေ မီးရှို့ ဖျက်ဆီးစတဲ့ အကြမ်းဖက် လုပ်ရပ်တွေ လုပ်ကြတယ်။ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်။ သူတို့မှာ လူ့စည်း၊ နတ်စည်း၊ စစ်စည်း ဆိုတာ မရှိဘူး။ ဓားပြ တောင်မှ သူ့မှာ စောင့်ထိန်းရမယ့် စည်းတော့ ရှိမှာပဲလေ။ ကောင်းကျိုး အနေနဲ့ ထိုးစစ်ကြောင့် We Are One In Chin ဆိုတဲ့ ပြည်သူ့တော်လှန်ရေး အင်အား နဲ့ အမျိုးသားစုစည်းမှု အင်အား ရရှိလာပြီး CNF/CNA နဲ့ ချင်းပြည်သူတွေ လိုချင်နေတဲ့ ချင်းအမျိုးသား အဆောက်အအုံနှင့် ချင်းအမျိုးသား လုံခြုံရေးကို တည်ဆောက်ဖို့ လမ်းမကြီး ပွင့်သွားတာပေါ့။

မေး ။ ။ ယခုလက်ရှိ အခြေနေတွေနဲ့ ပတ်သက်ပြီး ချင်းပြည်သူများနဲ့ မြန်မာပြည်သူများကို ဘာပြောချင်ပါသလဲ။

ဖြေ ။ ။ ယနေ့ ဆင်နွှဲနေရတဲ့ တိုက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ဖို့ ဆင်နွှဲနေတဲ့ ပြည်သူ့တော်လှန်ရေး တိုက်ပွဲ ဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံး ကိုယ်ကျွမ်းကျင်ရာ ကျရာကဏ္ဍ အသီးသီးကနေ ပါဝင်တိုက်ပွဲဝင်ဖို့ တိုက်တွန်း ဖိတ်ခေါ်လိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required