အုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် စစ်ကောင်စီက ချောင်းဆုံမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံ ၃၀ ခန့်အား ဖမ်းဆီးထား

အုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် စစ်ကောင်စီက ချောင်းဆုံမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံ ၃၀ ခန့်အား ဖမ်းဆီးထား

အောက်တိုဘာ ၁၇

မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ‌ချောင်းဆုံမြို့ ၊အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ကျေးရွာများအတွင်း စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးမှုများ ကြပ်ကြပ်တင်းတင်း ပြုလုပ်နေပြီး ဒေသခံ ၃၀ ခန့် ဖမ်းဆီးထားရကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများက မဇ္စျိမကို ပြောသည်။

အောက်တိုဘာလ ၁၂ ရက် ညပိုင်းမှ စပြီး အောက်တိုဘာလ ၁၆ ရက်အတွင် ချောင်းဆုံမြို့နယ်အတွင်းရှိ တော်ပကောက်၊ မုရစ်ကလေး၊ ကမာကေး၊ သက္ကော၊ ကွမ်တဲနှင့် မရမ်း စသည့် ကျေးရွာများမှ ဒေသခံ ၃၀ ခန့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

"ဒီကောင်တွေ ပိုက်စိပ်တိုက်လိုက်ရှာနေတာ အင်အား၅၀ လောက်နဲ့ကို ကွင်းတွေ လယ်တွေထဲအထိကို လိုက်ရှာနေတာ၊ ကျွန်တော်တို့က လွတ်မြောက်နယ်မြေထဲတောင် ရောက်နေပြီ။ အခုဖမ်းခံနေရတာက တော်လှန်ရေးမှာ မပါဘဲ နေနေတဲ့ ဘာမှမဆိုင်တဲ့ ဒေသခံ လူငယ်တွေပါ " ဟု ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခု ဖြစ်သည့် ယက္ခဒီပ (BLDF) အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဆိုသူကို ယက္ခဒီပ (BLDF) အဖွဲ့မှ အောက်တိုဘာလ ၁၂ ရက် ညပိုင်းတွင် ၎င်း၏ နေအိမ်တွင်ပင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်မှ ဖမ်းဆီးခြင်းခံရသူများတွင် အမျိုးသမီးများလည်း ပါဝင်ပြီး ကမာကေးကျေးရွာတွင် ဖမ်းဆီးခံရသည့် အမျိုးသမီးတချို့ကို ရိုက်နှက်ကာ ခေါ်ဆောင်သွားသည်ဟုလည်း သိရသည်။

အောက်တိုဘာလ ၁၅ ရက် ည ၈ နာရီက ကွမ်တဲကျေးရွာတွင် ဖမ်းဆီးခံလိုက်ရသူနှင့်ပတ်သက်ပြီး " သူတို့က ညပိုင်းကို ဝင်ဖမ်းတာလေ။ ကျွန်မကောင်လေး(ချစ်သူ) ဖမ်းခံရတာက ၁၅ ရက်ညက ကျောင်းကို လိုက်ခဲ့ပေးပါဆိုပြီး ရဲစခန်းကို ခေါ်သွားတာ။ ၁၂ ရက်နေ့ကနေ စပြီး လူတွေလိုက်ဖမ်းတာ၊ သူလည်း ဘာမှ လုပ်မနေဘူး၊ တချို့CDM သမားတွေလည်း ပါသွားတယ်"ဟု ဖမ်းဆီးခံရသူ၏ ရည်းစားဖြစ်သူ မိန်းကလေးက ဆိုသည်။

ဖမ်းဆီးခံရသူများကို ချောင်းဆုံမြို့နယ်မြို့မရဲစခန်းတွင် ဖမ်းဆီးထားကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး ပြန်လွတ်လာသူ မရှိသေးကြောင်း သိရသည်။

ကုလားဘီကျေးရွာစာသင်ကျောင်းနှင့် မုရစ်ကလေးအုပ်ချုပ်ရေးမှူးရုံး၏ မျက်နှာချင်းဆိုင်တွင်ရှိသည့် သုဓမာတိုက် ဘုန်းကြီးကျောင်းထဲတွင်လည်း စစ်ကောင်စီတပ်သားများမှ တပ်စွဲထားကြောင်း ယက္ခဒီပ (BLDF) အဖွဲ့မှ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly