လင်္ကာရည်ကျော်၏ “ကြိုးကြာတောင်ပံခတ်သံ” ဝတ္ထုကို မြန်မာစာသင်ရိုးမှ ဖယ်ရှားပေးရန် တောင်းဆို

လင်္ကာရည်ကျော်၏ “ကြိုးကြာတောင်ပံခတ်သံ” ဝတ္ထုကို မြန်မာစာသင်ရိုးမှ ဖယ်ရှားပေးရန် တောင်းဆို

အောက်တိုဘာ ၁၇

အမျိုးသားစာပေဆု ရရှိထားသည့် လင်္ကာရည်ကျော်၏ “ကြိုးကြာတောင်ပံခတ်သံ” ဝတ္ထုကို မြန်မာစာအထူးပြု သင်ရိုးမှ ဖယ်ရှားပေးရန် အထက်မြန်မာပြည် မြန်မာစာ ကျောင်းသား၊ ကျောင်းသူများ အသင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနသို့ အောက်တိုဘာလ ၁၆ ရက်နေ့ ရက်စွဲဖြင့် စာ‌ပို့ တောင်းဆိုလိုက်သည်။

“ကြိုးကြာတောင်ပံခတ်သံ” ဝတ္ထုသည် ၂၀၀၇ ခုနှစ်အတွက် အမျိုးသားစာပေ (လူငယ်စာပေ) ဆုရရှိခဲ့ပြီး တတိယနှစ် မြန်မာစာ အထူးပြု သင်ရိုးအဖြစ် ၂၀၁၄ ခုနှစ်မှ စ၍ ပြဌာန်းခဲ့သည်။

“ကြိုးကြာတောင်ပံခတ်သံ” ဝတ္ထုကို ရေးသားသည့် လင်္ကာရည်ကျော် (ဆေးဘက်ဆိုင်ရာ ပါမောက္ခ ဒေါက်တာရဲမြင့်ကျော်) သည် ပြည်သူနှင့်အတူ အမှန်တရားဘက်က ပါဝင် ရပ်တည်ခြင်း မရှိသည့်အပြင် ရာထူးနှင့်အာဏာ တည်မြဲရေးကို ရှေ့တန်းတင်ကာ စစ်အာဏာရှင်နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပေးပို့စာတွင် ရေးသားထားသည်။

“ကျွန်ုပ်တို့ အထက်မြန်မာပြည် မြန်မာစာအထူးပြု ကျောင်းသူ၊ကျောင်းသားများသည် စစ်အာဏာရှင်နှင့်အတူ ပူးပေါင်းဆောင်ရွက်နေသော လောက်ကောင် ရဲမြင့်ကျော်၏ “ကြိုးကြာတောင်ပံခတ်သံ” ဝတ္ထု အပါအဝင် မည်သည့်စာအုပ်ကိုမျှ မဝယ်ယူခြင်း၊ မဖတ်ရှုခြင်းဖြင့် ဆန့်ကျင်သွားမည် ဖြစ်ပါသည်” ဟု အထက်မြန်မာပြည် မြန်မာစာ ကျောင်းသား၊ ကျောင်းသူများ အသင်း၏ ပေးပို့စာတွင် ပါရှိသည်။

ထို ဝတ္ထုဖြင့် ရရှိထားသည့် အမျိုးသားစာပေ (လူငယ်စာပေ) ဆုကိုလည်း ပြန်လည် ရုပ်သိမ်း ပေးရန် ပေးပို့စာတွင် ကျောင်းသူ၊ ကျောင်းသားများက တောင်းဆိုထားသည်။

ယင်းအပြင် ပါမောက္ခ ဒေါက်တာရဲမြင့်ကျော်၏ မည်သည့်ကလောင်အမည်ဖြင့် ဖြစ်စေ ထုတ်ဝေသောစာပေများကို ကျောင်းသုံးစာအုပ်များ၊ သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းခြင်း မပြုရန်လည်း အထက်မြန်မာပြည် မြန်မာစာ ကျောင်းသား၊ ကျောင်းသူများ အသင်းက ထည့်သွင်း တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly