NUGအစိုးရ ကျန်းမာရေးဒုဝန်ကြီးအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ဖို့စီစဉ်

NUGအစိုးရ ကျန်းမာရေးဒုဝန်ကြီးအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ဖို့စီစဉ်

အောက်တိုဘာ ၁၆

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာဒေါ်ရွှေပုံ နေအိမ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ၁၂ရက်နေ့တွင်လာရောက်ပြီး နေအိမ်ကိုချိတ်ပိတ်ရလိမ့်မည်ဟု အိမ်သားများကိုပြောဆိုသွားကြောင်း ကာယကံရှင်က ပြောသည်။

ဒေါက်တာဒေါ်ရွှေပုံသည် စစ်တပ်ကအာဏာစသိမ်းသည့်နေမှ စတင်ပြီး တိမ်းရှောင်နေရချိန်ဖြစ်ပြီး ပဲခူးမြို့ ၊ ရှင်စောပုရပ်ကွက် (၃၃) လမ်းတွင်ရှိသည့် ၎င်းနေအိမ်တွင် အသက်၉၂နှစ်အရွယ် မိခင်ဖြစ်သူနှင့် အသက် ၆၅နှစ်အရွယ် မောင်ဖြစ်သူတို့သာနေထိုင်သည်။

“အိမ်ကို လာပြောသွားတယ် ချိတ်ပိတ်မယ်လို့ဆိုပြီး အိမ်နဲ့က အခုချိန်အထိ အဆက်အသွယ်မရှိပါဘူး။ အသိတယောက်က ပြောလို့သိရတာပါ၊ ချိတ်ပိတ်မယ်လို့လာပြောတာ။" ဟု ဒေါက်တာဒေါ်ရွှေပုံက မဇ္ဈိမသို့ပြောသည်။

" အမေက ပန်းနာရင်ကြပ်၊သွေးတိုးဆီးချို၊နှလုံးသွေးကြောကျဉ်းတာရှိတယ်။ ရင်ကြပ်လာရင် စက်နဲ့ဆေးရှုရတယ်၊ အောက်စီဂျင်ရှုရတယ်။ အမေက အခု လမ်းမလျှောက်နိုင်တော့ဘူး။ Wheel chair နဲ့ပဲ၊ မောင်ကတော့ သွေးတိုး ရှိတယ်၊ အသက်က ၆၅နှစ်၊ သူကပြုစုနေရတာ”ဟု သူက ဆက်ပြောသည်။

မည်သည့်နေ့ လာရောက်ချိတ်ပိတ်မည်ကို မသိရှိရသေးဘဲ ပြောင်းရွေ့ဖို့ အခက်အခဲဖြစ်နေကြောင်း သိရသည်။

“ပုဂံတချပ်တောင်ယူခွင့်မရှိပါတဲ့ အမေကြည် (ဒေါက်တာ ဒေါ်ရွှေပုံ၏မိခင်) က Ambulance (လူနာတင်ကား) နဲ့‌သွားမှရမှာ။ ”ဟု ၎င်းမိသားစုနှင့် နီးစပ်သူ တဦးကပြောသည်။

ဒေါက်တာဒေါ်ရွှေပုံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စဉ်ကတည်း က ဝင်ရောက်ခဲ့သော ပါတီဝင်တဦးဖြစ်ပြီး ၁၉၉၉နှစ် ၉လေးလုံးလှုပ်ရှားမှုတွင် ပါဝင်ကာ ခေတ်ပြိုင်နဲ့မိုးကြိုးဂျာနယ်ဖြန့်ဝေမှုကြောင့် ထောင်ကျခံခဲ့ရဖူးသည်။

၂၀၁၅ခုနှစ်နှင့် ၂၀၂၀ခုနှစ်ရွေးကောက်ပွဲတွင် ပဲခူးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီးနောက် NUGအစိုးရမှ ကျန်မာရေးဒုဝန်ကြီးအဖြစ် တာဝန်ပေးခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly