Merck ကုမ္ပဏီထုတ် COVID-19 သောက်ဆေးကို ဝယ်ယူရန် အာရှနိုင်ငံများ အမှာစာများ တင်လျက်ရှိ 

Merck ကုမ္ပဏီထုတ် COVID-19 သောက်ဆေးကို ဝယ်ယူရန် အာရှနိုင်ငံများ အမှာစာများ တင်လျက်ရှိ 

အောက်တိုဘာ ၁၇

COVID-19 ကာကွယ်ဆေးများ ရယူနိုင်ရန် ကမ္ဘာတဝန်း အပြိုင်အဆိုင်ကြိုးပမ်းခဲ့ကြစဉ်အတွင်း အာရှ-ပစိဖိတ်ဒေသမှ နိုင်ငံအများအပြားမှာ ကာကွယ်ဆေးရယူနိုင်ရေး လုပ်ဆောင်ရန် နှေးကွေးနေခဲ့ကြသည်။ ယခုတစ်ကြိမ်တွင်မူ ၎င်းတို့သည် အလားတူအတိုင်း တူညီသည့် အမှားမျိုးကို ထပ်မံကျူးလွန်ခြင်း မရှိတော့ပေ။ 

COVID-19 ကို တိုက်ဖျက်မည့် နောက်ဆုံးပေါ် လက်နက်ဖြစ်သော ဗိုင်းရပ်စ်သတ် သောက်ဆေးတစ်မျိုးအတွက် အမှာစာများတင်ရန် လက်ရှိအချိန်တွင် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံများ တက်သုတ်ရိုက် လုပ်ဆောင်နေကြသည်။ ထိုဆေးသည် လက်ရှိအချိန်ထိတော့ အသုံးပြုရန် တရားဝင်ခွင့်ပြုချက် မရရှိသေးပေ။ 

အမေရိကန် ဆေးဝါးကုမ္ပဏီ Merck က ထုတ်လုပ်သော Molnupiravir သည် ကပ်ရောဂါနှင့် ပတ်သက်ပြီး အထူးသဖြင့် ကာကွယ်ဆေးထိုးနှံခံယူနိုင်ခြင်း မရှိသူများအတွက် ကစားပွဲကို ပြောင်းလဲစေမည့် အလားအလာရှိ အဖြေတစ်ခုအဖြစ် ညွှန်းဆိုခံနေရလျက် ရှိသည်။ Merck သည် အဆိုပါ ဆေးကို အရေးပေါ် အသုံးပြုမှုအတွက် အမေရိကန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌာနထံမှ ခွင့်ပြုချက် ရရေး လျှောက်ထားလျက် ရှိသည်။ အကယ်၍ ခွင့်ပြုခံရပါက ထို ဆေးတောင့်သည် COVID-19 အတွက် ပထမဆုံး ‌သောက်ဆေးဖြင့် ကုသမှု နည်းလမ်း ဖြစ်လာမည် ဖြစ်သည်။ 

လက်ရှိအချိန်အထိ အာရှ-ပစိဖိတ်ဒေသမှ နိုင်ငံများ သို့မဟုတ် နယ်မြေများ ရှစ်ခုထက်မနည်းသည် ထိုဆေးကို ဝယ်ယူရရှိနိုင်ရန် သဘောတူညီချက်များ လက်မှတ်ထိုးထားခြင်း သို့မဟုတ် ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်း တို့ ရှိနေသည်ဟု သိပ္ပံသတင်းအချက် စိစစ်ခွဲခြမ်းမှု ကုမ္ပဏီ Airfinity က ပြောသည်။ ယင်းနိုင်ငံများထဲတွင် နယူးဇီလန်၊ သြစတြေးလျနှင့် တောင်ကိုရီးယားတို့ ပါဝင်နေပြီး ထိုနိုင်ငံများသည် ယင်းတို့၏ ကာကွယ်ဆေး ပရိုဂရမ်များကို စတင်ရန် အတော်အတန် နှေးကွေးထားခဲ့ကြသည်။ 

ထို ဆေးတောင့်များမှာ အလားအလာကောင်းမည့်ပုံ ရှိသော်လည်း လူတချို့က ယင်းကို ကာကွယ်ဆေးများအတွက် အစားထိုးရွေးစရာတစ်ခုအဖြစ် အသုံးပြုသွားမည်ကို စိုးရိမ်ပူပန်ကြောင်း ပညာရှင်တို့က ပြောသည်။ ကာကွယ်ဆေးများက လက်ရှိအချိန်ထိ အကောင်းဆုံး အကာအကွယ်ကို ပေးနေဆဲဖြစ်သည်။ 

ထို့ပြင် ထို ဆေးတောင့်များကို ဝယ်ယူဖြည့်တင်းရန် အာရှဒေသဘက်မှ ကြိုးပမ်းလုပ်ဆောင်မှုက ယမန်နှစ်က မြင်တွေ့ခဲ့ရသည့် ကာကွယ်ဆေးများ ရယူချုပ်ကိုင်မှုမျိုး တကျော့ပြန် ပြန်ဖြစ်နိုင်မှုနှင့်ပတ်သက်၍လည်း ၎င်းတို့က သတိပေးသည်။ ယမန်နှစ်က ချမ်းသာသော နိုင်ငံများမှ ကာကွယ်ဆေးပုလင်းများကို သိမ်းဆည်းသိုလှောင်ထားခဲ့ကြသည်ဟု စွပ်စွဲခံရပြီး ဝင်ငွေနည်း နိုင်ငံများမှ ယင်းကဲ့သို့သော အခွင့်အရေးကို ရယူနိုင်ရန် မတတ်သာဘဲ လက်လွှတ်ထားခဲ့ရသည်။ 

“(မိုလ်နျူပီရာဗီးယား) ဆေးက တကယ့်ကို အလားအလာ ရှိပါတယ်၊ ကစားပွဲကို ပြောင်းလဲနိုင်မယ့် အလားအလာ ရှိနေပါတယ်” ဟု ဂရုမစိုက်ဘဲထားသည့် ရောဂါများဆိုင်ရာ ဆေးဝါးများအစီအစဉ် အဖွဲ့ဆိုသည့် အကျိုးအမြတ်မယူသည့် အဖွဲ့၏ မြောက်အမေရိက အမှုဆောင်ညွှန်ကြားရေးမှူး ရာချယ်လ် ကိုဟန်က ပြောသည် 

“COVID ကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ မြင်တွေ့ခဲ့ရတဲ့ အလားတူ အမှားမျိုးတွေ ထပ်မဖြစ်အောင်၊ အလားတူ ပုံစံတွေအောက် ထပ်မံ မကျရောက်စေအောင် သေချာ လုပ်ဖို့ လိုပါတယ်” 

Molnupiravir ဆေးသည် အပေါင်းလက္ခဏာဆောင် ခြေလှမ်းတစ်ခုအဖြစ် ရှုမြင်ခံရပြီး အကြောင်းမှာ ယင်းက COVID-19 လူနာများကို ဆေးရုံတွင် ရှိနေစေရန် မလိုဘဲ ရောဂါ ကုသနိုင်မည့် နည်းလမ်းတစ်ခုကို ကမ်းလှမ်းပေး၍ ဖြစ်သည်။ 

ဆေးတောင့်၏ အလုပ်လုပ်ပုံမှာ ဤသို့ဖြစ်သည်။ အကယ်၍ လူနာတစ်ဦးသည် COVID-19 ကူးစက်ဖြစ်ပွားကြောင်း ဖော်ထုတ်သိရှိသည့်အချိန်တွင် ၎င်းတို့သည် molnupiravir ‌ဆေးပတ်တစ်ပတ်ကို စတင် သောက်သုံးနိုင်သည်။ ယင်းတွင် ၂၀၀-မီလီဂရမ် ဆေးတောင့် လေးတောင့် ပါဝင်ပြီး တစ်နေ့ နှစ်ကြိမ်၊ ငါးရက် သောက်ရမည် ဖြစ်ပြီး စုစုပေါင်း ဆေးတောင့် ၄၀ ဖြစ်သည်။ 

ကိုယ်ခံစွမ်းအား တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်စေသည့် ကာကွယ်ဆေးများနှင့်မတူဘဲ molnupiravir က ဗိုင်းရပ်စ် ပွားများမှုကို ဟန့်တားပေးသည်ဟု သြစတြေးလျအမျိုးသားတက္ကသိုလ် ဆေးဘက်ဆိုင်ရာ ကျောင်းမှ ဆေးဘက်ဆိုင်ရာ တွဲဖက်ပါမောက္ခနှင့် ကူးစက်ရောဂါများဆိုင်ရာ သမားတော်တစ်ဦးဖြစ်သည့် ဆန်ဂျာယာ ဆီနန်နာယာကီက ပြောသည်။ “အဓိပ္ပါယ်ကတော့ ဒီဆေးကြောင့် ဗိုင်းရပ်စ်က ကျန်းမာသန်စွမ်းမှု မရှိတဲ့ ဗိုင်းရပ်စ်ပိုး အကောင်ပေါက်စတွေကိုပဲ ထွက်ပေါ်စေတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ယခုလ အစောပိုင်းက ထုတ်ပြန်ခဲ့ပြီး ကာကွယ်ဆေးမထိုးထားသည့် လူနာ ၇၀၀ ကျော်နှင့် စမ်းသပ်ထားသည့် ကြားကာလ အဆင့် ၃ စမ်းသပ်ချက်ရလဒ်များအရ molnupiravir က အာနိသင်မပါ‌သော အသွင်တူဆေးပေးထားခဲ့သည့် လူနာများနှင့် နှိုင်းယှဥ်ပါက COVID-19 လူနာများ၏ ဆေးရုံတက်ရမှု သို့မဟုတ် သေဆုံးမှု အန္တရာယ်ကို ခန့်မှန်းခြေအားဖြင့် ၅၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်းကို တွေ့ရှိထားခဲ့သည်။ စမ်းသပ်ချက်တွင် ပါဝင်သူများကို လက္ခဏာစပြသည့် ငါးရက်အတွင်း ထို molnupiravir ဆေးပေးခြင်း သို့မဟုတ် အာနိသင် မရှိသည့် အသွင်တူ ဆေးပေးပြီး စမ်းသပ်ခဲ့ရာတွင် ၂၉ ရက်အတွင်း molnupiravir ဆေး သောက်ထားခဲ့သူ အားလုံးမှာ သေဆုံးမှုမရှိခဲ့ဘဲ အာနိသင်မရှိသည့် အသွင်တူဆေးပေးထားခဲ့သူများထဲ ရှစ်ဦး သေဆုံးခဲ့သည်။ Molnupiravir ‌ဆေး စမ်းသပ်မှုမှ ဒေတာအပြည့်အဝကို လက်ရှိအချိန်အထိ မထုတ်ပြန်ရသေးသလို ယင်းဒေတာများကို ပညာရှင်အချင်းချင်း အကဲဖြတ်သုံးသပ်မှု သို့မဟုတ် ထုတ်ပြန်မှုလည်း လုပ်ဆောင်ရသေးခြင်း မရှိသေးပေ။ 

စမ်းသပ်မှုတွင် ပူးပေါင်းလုပ်ကိုင်နေသည့် Ridgeback Biotherapeutics မှ အမှုဆောင်အရာရှိချုပ် ဝမ်ဒီ ဟိုးလ်မန်းက ရလဒ်များက အားတက်စရာ ဖြစ်ကြောင်းနှင့် ထို ဆေးက ကပ်ရောဂါ ထိန်းချုပ်ရာတွင် ကြီးမားသည့် သက်ရောက်မှုတစ်ခု ဖြစ်စေနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သွားခဲ့သည်။ 

“COVID-19 လူနာတွေကို ဆေးရုံ မတက်ရစေဘဲ အိမ်မှာပဲ ကုသလို့ ရနိုင်တဲ့ ဗိုင်းရပ်စ် တိုက်ဖျက် ကုသမှုနည်းလမ်းတွေ တကယ့်ကို လိုအပ်နေပါတယ်” ဟု သူမက ပြောသည်။ 

Molnupiravir ‌ဆေးသည် အလားအလာ ကောင်းကြောင်း ပညာရှင်တို့က သဘောတူထားကြသည်။ လူနာများ ၎င်းတို့ အပြင်းအထန် နာမကျန်းဖြစ်လာမလား ဆိုသည်ကို စောင့်ဆိုင်းကြည့်ရှုခြင်းထက် ၎င်းတို့ ကူးစက်ခံထားရကြောင်း သိရှိပြီးပြီးချင်းမှာပင် ဗိုင်းရပ်စ်ကို ကုသ၍ ရနိုင်ခြေ ရှိကြောင်း ကိုဟမ်က ဂရုမစိုက်ဘဲထားသည့် ရောဂါများဆိုင်ရာ ဆေးဝါးများအစီအစဉ်အဖွဲ့ ကနေ ပြောသည်။ 

အခြားသော COVID-19 ကုသနည်းလမ်းများနှင့်မတူဘဲ molnupiravir ဆေးက အိမ်မှာပင် သောက်သုံးနိုင်မည် ဖြစ်သည့်အတွက် ပိုမိုအပြင်းအထန် နာမကျန်းဖြစ်သည့် လူနာများအတွက် ဆေးရုံအရင်းအမြစ်များဆိုင်ရာ နေရာလွတ်များကို ဖြစ်ပေါ်စေမည် ဖြစ်သည်။ 

“ဆေးတစ်လုံး သောက်ရတာက အတော့်ကို ရိုးရှင်းလှပါတယ်” ဟု ဆီနန်နာယာကီက ပြောသည်။ “ဒါက ကစားပွဲကို ပြောင်းလဲစေမယ့် အရာတစ်ခုပါပဲ” 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly