ဆယ်ကျော်သက် ပြုမှုကျုးလွန်သူများကို ပြစ်ဒဏ်ချမှတ်နိုင်မည့် ဥပဒေကြမ်း အိန္ဒိယပါလီမန်အတည်ပြု

ဆယ်ကျော်သက် ပြုမှုကျုးလွန်သူများကို ပြစ်ဒဏ်ချမှတ်နိုင်မည့် ဥပဒေကြမ်း အိန္ဒိယပါလီမန်အတည်ပြု

နယူးဒေလီ၊ ဒီဇင်ဘာ ၂၃ ။          ။ မုဒိမ်းမှု သို့မဟုတ် လူသတ်မှုများကဲ့သို့ ရာဇဝတ်ပြစ်မှုများအတွက် ကြံစည်ကျုးလွန်သည့် အသက်မပြည့်သေးသော ၁၆ နှစ်မှ ၁၈ နှစ်ကြား ဆယ်ကျော်သက်များကို အရွယ်ရောက်ပြီးသူများအတိုင်း ပြစ်ဒဏ်ပေးနိုင်သည့် ဥပဒေကြမ်းအား အိန္ဒိယလွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။

၂၀၁၂ ခုနှစ်က ဘတ်စ်ကားပေါ် အုပ်လိုက် မုဒိမ်းကျင့်မှုမှ အငယ်ဆုံးကျုးလွန်သူအား ပြန်လည်ထူထောင်ရေးစခန်းတွင်သာ ထိန်းသိမ်းခဲ့ရပြီး လွှတ်ပေးခဲ့ရပြီးနောက်တွင် ယခုကဲ့သို့ ဥပဒေပြောင်းလဲရန် တွန်းအားများ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ထိုအငယ်ဆုံး ပြစ်မှုကျုးလွန်သူက ကျုးလွန်ချိန်က အသက်မပြည့်သေးသဖြင့် ကလေးသူငယ်တရားစီရင်ရေးဘုတ်အဖွဲ့က ထိန်းသိမ်းစခန်းတွင် သုံးနှစ်ထားရှိ ထိန်းသိမ်းရန်သာ အမိန့်ချမှတ်နိုင်ခြင်းဖြစ်ပြီး ထိုသုံးနှစ် စေ့မြောက်၍ ဆန္ဒပြကန့်ကွက်မှုများ ရှိနေသည့်ကြားက လွှတ်ပေးလိုက်ရခြင်းဖြစ်သည်။

ယခု ဥပဒေပြောင်းလဲရေးအတွက် တွန်းအားပေးလှုံ့ဆော်သူများတွင် ဘတ်စ်ကားပေါ် ဂိုဏ်းဖွဲ့ မုဒိမ်းပြုကျင့်ခံရသည့် ဆေးကျောင်းသူ၏ မိဘဖြစ်သူများလည်း ပါဝင်ခဲ့သည်။

ယခု ကလေးသူငယ်တရားစီရင်ရေးဥပဒေအား ဒီဇင်ဘာ ၂၂ ရက်က အထက်လွှတ်တော်က အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ ယင်းဥပဒေကို အောက်လွှတ်တော်ကလည်း မေလအတွင်းက အတည်ပြုခဲ့ပြီးဖြစ်သည်။

အဆိုပါ ဥပဒေ အသက်ဝင်ကာ ကျင့်သုံးနိုင်ရေးအတွက် သမ္မတ၏ လက်မှတ်ရေးထိုးရန်သာ ကျန်ရှိတော့သည်။

ယခုဥပဒေကြမ်း ထွက်ပေါ်လာခဲ့သော်လည်း ဘတ်စ်ကားပေါ် အုပ်ဖွဲ့ မုဒိမ်းကျင့်မှုမှ အငယ်ဆုံး မုဒိမ်းသမားကိုမူ စီရင်နိုင်တော့ခြင်းမရှိပေ။ သို့သော် နောက်တွင် အသက် ၁၆ နှစ်အထက် ကလေးသူငယ် ပြစ်မှုကျုးလွန်သူများအား ယခုဥပဒေဖြင့် စီရင်အပြစ်ပေးနိုင်လိမ့်မည်ဖြစ်သည်။

အသက်မပြည့်သေးသော ကလေးသူငယ် ရာဇဝတ်မှုကျုးလွန်မှုအရေအတွက်က ပြီးခဲ့သည့် နှစ်အတွင်း တိုးများလာခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ မုဒိမ်းမှု၊ လူသတ်မှုနှင့် အက်ဆစ်ဖြင့် တိုက်ခိုက်မှုများ အပါအဝင် အရွယ်မရောက်သေးသူများ ကျုးလွန်သည့် ပြစ်မှုပေါင်း ၃၈၅၆၅ မှု အထိရှိခဲ့ကြောင်း စာရင်းတင်ခဲ့ရသည်။

ယခု ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ထောက်ခံသူများက ရာဇဝတ်မှုများကို တားဆီးနိုင်မည့် ဥပဒေတစ်ရပ်အဖြစ် ထောက်ခံကြသည်။ သို့သော် ဝေဖန်သူများက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက်တွင် အသက် ၁၈ နှစ်အောက် ကလေးများအားလုံးကို တန်းတူညီစွာ ဆက်ဆံရမည်ဆိုထားခြင်းအား အိန္ဒိယနိုင်ငံအနေဖြင့် ချိုးဖောက်လိုက်ခြင်း ဖြစ်လာ လိမ့်မည်ဟု ဝေဖန်ပြော ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly