အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုင်ငံရေးနယ်ပယ်မှ မဟုတ်သည့် မြန်မာကိုယ်စားပြုသူကို ဖိတ်ကြားမည် 

အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုင်ငံရေးနယ်ပယ်မှ မဟုတ်သည့် မြန်မာကိုယ်စားပြုသူကို ဖိတ်ကြားမည် 

အောက်တိုဘာ ၁၆

လာမည့် ၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် မြန်မာနိုင်ငံမှ နိုင်ငံရေးနယ်ပယ်မှ မဟုတ်သူအား တက်ရောက်ရန် ဖိတ်ကြားမည်ဖြစ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆိုင်ရာ သဘာပတိက အောက်တိုဘာ ၆ ရက်၌ အတည်ပြုပြောသည်။ 

အောက်တိုဘာ ၁၅ ရက်တွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပြီးနောက် အောက်တိုဘာ ၁၆ ရက် ယနေ့ စနေနေ့၌ ထုတ်ပြန်ချက်တစ်ရပ်အရ ထိပ်သီးအစည်းအဝေးများ၌ မြန်မာနိုင်ငံ ကိုယ်စားပြုသူနှင့် ပတ်သက်ပြီး မေးခွန်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက စဉ်းစားသုံးသပ်ခဲ့ကြသည်ဟု သဘာပတိက ဆိုထားသည်။ 

ဘုံသဘောတူညီချက် ၅ ရပ်အား မြန်မာနိုင်ငံက အကောင်အထည် ဖော်ရန် လုံလောက်သည့် လုပ်ဆောင်ချက် မရှိခြင်းအပြင် အထူးသဖြင့် သက်ဆိုင်ရာ အားလုံးပါဝင်သော အပြုသဘောဆောင် ဆွေးနွေးပွဲများ ပေါ်ပေါက်ရေးအပါအဝင်ဖြစ်သည့် မြန်မာနိုင်ငံ၏ ကတိကဝတ်ပြုထားမှုအပေါ် စိုးရိမ်မှုများလည်း ရှိနေခဲ့ခြင်း ဖြစ်သည်။ 

ထိုအတွက် အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံများက မြန်မာပြည်သူများ၏ ဆန္ဒသဘောထားအရ ပြည်တွင်းရေးကို ပြန်လည်ထိန်းသိမ်းပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်ရေး မြန်မာကိုယ်စားပြုနေရာတွင် အလွတ်ထားရန် အကြံပြုကြသည်။ 

အချို့သော အဖွဲ့ဝင်နိုင်ငံများသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံမှ ထိပ်သီးအစည်းအဝေးများသို့ ဖိတ်ကြားရန် မေတ္တာရပ်ခံသည့်စာကို ရရှိကြကြောင်း အဆိုပါ အစည်းအဝေး၌ မှတ်ချက်ပြုထားသည်။ 

“ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးနောက်တွင် ၂၀၂၁ အောက်တိုဘာလ ၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားပြုသူကို အတည်ပြုနိုင်ရေး အများသဘောတူညီမှုဆီ မရောက်ရှိကြောင်း” ယခု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

“ယင်းအတွက် ၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရေး ယှဉ်ပြိုင်ပြောဆိုမှုများကို ချင့်ချိန်သုံးသပ်ခဲ့ကြောင်း၊ အခြားသော အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူအရ မြန်မာနိုင်ငံ၌ ပြည်တွင်းရေး ပြန်လည်ထိန်းသိမ်းနိုင်ပြီး ပုံမှန်သို့ ပြန်ရောက်ရန် ကိုယ်စားပြုနေရာ အလွတ်ထားသွားရန် ခွင့်ပြုကြောင်းနှင့် လာမည့် ထိပ်သီးအစည်းအဝေးများ၌ မြန်မာနိုင်ငံမှ နိုင်ငံရေးနယ်ပယ်မှ မဟုတ်သည့် ကိုယ်စားပြုသူတစ်ဦးကို ဖိတ်ကြားသွားရန် ဆုံးဖြတ်ချက်အား အစည်းအဝေး၌ လက်ခံခဲ့ကြကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly