စစ်ကောင်စီကိုအရေးယူ အလုံးစုံစီးပွားရေးပိတ်ဆို့မှုလုပ်ရန် နိုင်ငံတကာကို သမဂ္ဂများအဖွဲ့ ၁၈၀ ကျော်တောင်းဆို

စစ်ကောင်စီကိုအရေးယူ အလုံးစုံစီးပွားရေးပိတ်ဆို့မှုလုပ်ရန် နိုင်ငံတကာကို သမဂ္ဂများအဖွဲ့ ၁၈၀ ကျော်တောင်းဆို

အောက်တိုဘာ ၁၅

ရေနံ သဘာဝဓါတ်ငွေ့လုပ်ငန်းများနှင့် ကျောက်စိမ်းတင်ပို့ရောင်းချခြင်းများအပါအဝင် အာဏာသိမ်းစစ်တပ်ကို ဝင်ငွေရရှိစေသည့် လုပ်ငန်းများအားလုံးရပ်တန့်စေရေးအတွက် နိုင်ငံတကာအနေဖြင့် ပိတ်ဆို့အရေးယူမှုတွင် ပူးပေါင်းလာကြပါရန် ကျောင်းသားသမဂ္ဂ အဖွဲ့များကတောင်းဆိုလိုက်သည်။

အလုံးစုံသောစီးပွားရေးပိတ်ဆို့မှု ဆောင်ရွက်ပေးရန် ၁၈၂ ဖွဲ့သောကျောင်းသားသမဂ္ဂများက အောက်တိုဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် လူမူကွန်ရက်ကတဆင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ အကြမ်းဖက်စစ်အာဏာရှင်စနစ် နှစ်ကာလာများစွာ အာဏာတည်မြဲမည်ဆိုပါက နိုင်ငံ၏စီးပွားရေး၊ လူမူရေး၊ ပညာရေး၊ ကျန်းမာရေးတို့တွင် ပိုမိုဆိုးရွာလာပြီး ယခုထက်ပိုမို ချွတ်ခြုံကျရန်သာရှိတာကြောင့် အာဆီယံနိုင်ငံများတွင်သာမက ကုလရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များလည်း အကောင်အထည် ဖော်နိုင်မည်မဟုတ်ကြောင်းနှင့် ဆင်းရဲဒုက္ခအပေါင်းမှ ကယ်တင်နိုင်ရန်အတွက် အာဏာရှင်စနစ်များကို အမြစ်ဖြတ်ချေမှုန်း နိုင်မှသာ ကယ်တယ်နိုင်မည် “ ဟု ကျောင်းသားသမဂ္ဂများက ဆိုသည်။

နိုင်ငံတကာသို့ တောင်းဆိုချက်များတွင် ငွေကြးဝန်ဆောင်မှုပေးခြင်းအားရပ်တန့်ခြင်း၊ အာမခံလုပ်ငန်းများရပ်တန့်ခြင်း ၊ ရေနံနှင့်သဘာဝဓါတ်ငွေလုပ်ငန်းများ၊ သစ်နှင်သစ်တောထွက်ပစ္စည်း၊ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ တင်ပို့ရောင်းချခြင်းအပါအဝင် အခြားစီးပွားလုပ်ငန်းများကို ပိတ်ဆို့အရေးယူပေးရန် ပါရှိသည်။

လူထုအနေဖြင့် စစ်ကောင်စီ၏ ထုတ်ကုန်များ ၊ ဝန်ဆောင်မှုများကို သပိတ်မှောက်ခြင်း ၊ မီတာခမဆောင်ခြင်း ၊ အခွန်မဆောင်ခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိသော်လည်း အပြည်ပြည်ဆိုင်ရာမှ ရင်းနှီးမြှပ်နှံသူများအနေဖြင့် စစ်တပ်နှင့်လက်ဝေခံတို့အားပူးပေါင်း၍ စီးပွားရေးလုပ်ဆောင်နေကြောင်း ပြစ်တင်ပြောဆိုထားသည်။

ကျောင်းသားသမဂ္ဂများက “အလုံးစုံသော စီးပွားရေးပိတ်ဆို့မှုက သန်းနှင့်ချီသည့်အလုပ်အကိုင်ဆုံးရှုံးမှုများ ရှိနိုင်သော်လည်း အကြမ်းဖက်စစ်အာဏာရှင်စနစ်သက်ဆိုးရှည်မည်ဆိုပါက ယခုထက်ပိုမိုလာနိုင်ဖွယ်ရှိကာ အလုံးစုံပိတ်ဆို့မှုကြောင့် စစ်တပ်ရဲ့ဒေါက်တိုင်များပြိုကျပျက်စီးပြီး အချိန်တိုကာလအတွင်း အကြမ်းဖက်စစ်အာဏာရှင်စနစ်ကျဆုံးမည် “ ဟုလည်း ပြောသည်။

အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ၊ဆရာ/ဆရာမများ၊ဆေးပညာရှင်များ၊ကျွမ်းကျင်ပညာရှင်များ၊ လူငယ်၊ အမျိုးသမီးများ နှင့် အခြားအင်အားစုအသီးသီးမှ ပူးပေါင်းတောင်းဆိုလိုက်ကြသည့် အလုံးစုံ စီးပွားရေးအရ အရေးယူပိတ်ဆို့မှု (Comprehensive Economic Sanctions) များဟု ပါဝင်သူများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required