မအူပင်ရဲစခန်းနှင့် ယင်းရဲလိုင်းခန်း အနီးဗုံးတစ်လုံးစီပေါက်ကွဲ

မအူပင်ရဲစခန်းနှင့် ယင်းရဲလိုင်းခန်း အနီးဗုံးတစ်လုံးစီပေါက်ကွဲ

အောက်တိုဘာ ၁၅

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အောင်ဇေယျလမ်းနှင့် ကျောင်းလမ်းထောင့်ရှိ မြို့နယ်ရဲစခန်းနှင့် ရဲစခန်းအနောက်ဘက်ရှိ ရဲလိုင်းခန်းအနီးတွင် ယနေ့ အောက်တိုဘာလ ၁၅ ရက် ည ၇ နာရီ မိနစ် ၃၀ ခန့်က ဗုံးတစ်လုံးစီ ဖောက်ခွဲခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ထံက သိရသည်။

ယင်းပေါက်ကွဲမှုကို မအူပင်မြို့ပြ ပြောက်ကျားတပ်ဖွဲ့( မအူပင် STF )နှင့် မြစ်ဝကျွန်းပေါ် ပြောက်ကျား စစ်ဆင်ရေးတပ်ပေါင်းစုတို့ က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ပြောက်ကျားအဖွဲ့များ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

" ရဲစခန်းနောက်က လိုင်းခန်းမှာ အရင်ပေါက်တာပါ။ နောက်ထပ် တစ်လုံးက ရဲစခန်းရှေ့မှာ ဖောက်ခွဲခဲ့တာပါ။ ကျွန်တော်တို့ နှစ်ဖွဲ့ပေါင်းပြီးလုပ်ခဲ့တာပါ။ ဒဏ်ရာ ရလား၊ မရလားတော့ တိတိကျကျ ပြောလို့မရသေးဘူး"ဟု မအူပင် STF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မအူပင်မြို့နယ်ရဲစခန်းရှေ့တွင် ဘယ်ရီဂိတ်(သံဆူးကြိုး အတားအဆီး)များ အထပ်ထပ်ဖြင့် ပိတ်ဆို့ထား‌ပြီး လုံခြုံရေးတင်းကျပ်ထားသော်လည်း ဗုံးခွဲခံလိုက်ရသည်ဟုလည်း ဒေသခံများက ပြောသည်။

ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက မအူပင်မြို့နယ်ရဲစခန်းနှင့် အနီးဝန်းကျင်ကို စစ်ဆေးမှုများ ပြုလုပ်နေစဉ် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် ၎င်းဗုံးအား တွေ့ရှိခဲ့သည့်နေရာ၌ပင် စစ်ကောင်စီတပ်များက ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly