ပါကစ္စတန်၌ ဘာလို့ချ်လူမျိုး ကလေးငယ်များ အသတ်ခံရမှုအပေါ် ဘာလိုချီစတန်အမျိုးသားရေးပါတီ ပြစ်တင်ရှုတ်ချ

ပါကစ္စတန်၌ ဘာလို့ချ်လူမျိုး ကလေးငယ်များ အသတ်ခံရမှုအပေါ် ဘာလိုချီစတန်အမျိုးသားရေးပါတီ ပြစ်တင်ရှုတ်ချ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ကက်ချ်ခရိုင် ဟိုရှာဘ်ဧရိယာတွင် ဘာလို့ချ် လူမျိုး ကလေးငယ်များ အသတ်ခံနေရမှု၊ ဒဏ်ရာရရှိနေမှုတို့အပေါ် ဘာလိုချီစတန် အမျိုးသားရေးပါတီ (BNP) က အောက်တိုဘာ ၁၂ ရက်တွင် အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့သည်။

ထိုဖြစ်စဥ်ကို ဘာလိုချီစတန် အမျိုးသားရေးပါတီ (BNP) ၏ ထုတ်ပြန်ချက်တစ်စောင်တွင် အပြင်းအထန် ရှုတ်ချထားသည်ဟု Express Daily က ဖော်ပြသည်။

ဘာလို့ချ်လူမျိုး အစုအဖွဲ့မှ လူငယ်များနှင့် ကလေးငယ်များသည် ပုံမှန်လိုလို အသတ်ခံနေရသည်ဟု ၎င်းတို့က ပြောသည်။ ဘာလို့ချ်လူမျိုးစုဝင်များသည် နိုင်ငံ၏ တတိယတန်းစား နိုင်ငံသားများအဖြစ် ဆက်ဆံခံနေရသည်။

ဤကဲ့သို့ စိတ်နှလုံးကြေကွဲဖွယ်ကောင်းသည့် ဖြစ်စဥ်များက ဘာလို့ချ်လူမျိုးများအကြား ဆင်းရဲဒုက္ခ ခံစားရမှုနှင့် ဖယ်ကြဥ်ခံရမှု စိတ်ခံစားချက်များကို တိုးမြင့်စေသလို ယင်းက နိုင်ငံ စည်းလုံးညီညွတ်မှုအတွက် ကောင်းမွန်သည့် လက္ခဏာတစ်ရပ်လည်း မဟုတ်ကြောင်း၊ ဘာလိုချီစတန်၏ ပြဿနာများကို အင်အားသုံး ဖြေရှင်း၍ မရနိုင်ကြောင်း BNP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

BNP သည် ဤဧရိယာရှိ ပြည်သူတို့၏ ကိုယ်စားလှယ် ဖြစ်ကာ ၎င်းတို့အနေဖြင့် ဤကဲ့သို့သော ကြောက်မက်ဖွယ် ဖြစ်စဥ်များကို ဆန့်ကျင်ပြီး ပလက်ဖောင်းတိုင်းတွင် ထုတ်ဖော်သွားမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိကြောင်း Express Daily က ဖော်ပြသည်။

အစောပိုင်းတုန်းက ဘာလို့ချ် အမျိုးသမီးများကို အတင်းအဓမ္မ တရွတ်တိုက် ဆွဲခေါ်ပြီး ဗင်ကားတစ်စီးထဲ ထည့်ကာ လော့ခ်ချခဲ့သည်ကို ပြထားသည့် ဗီဒီယိုတစ်ခုက ဘာလို့ချ် အရပ်သားများကို သတ်ဖြတ်မှုနှင့် အတင်းအကျပ် ပျောက်ကွယ်သွားစေမှုတို့ ပါကစ္စတန်တွင် ပုံမှန်လိုလို ဖြစ်လာနေသည် ဆိုသည်ကို ထင်ထင်ရှားရှား ဖော်ပြနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly