ကမ္ဘာ့ထိပ်သီး နိုင်ငံ၂၀ အဖွဲ့၏ အာဖဂန်နစ္စတန်အရေး အွန်လိုင်းအစည်းအဝေးသို့ အိန္ဒိယဝန်ကြီးချုပ် ပါဝင်ဆွေးနွေး

ကမ္ဘာ့ထိပ်သီး နိုင်ငံ၂၀ အဖွဲ့၏ အာဖဂန်နစ္စတန်အရေး အွန်လိုင်းအစည်းအဝေးသို့ အိန္ဒိယဝန်ကြီးချုပ် ပါဝင်ဆွေးနွေး

အာဖဂန်နစ္စတန်အရေးနှင့် ပတ်သက်၍ ကမ္ဘာ့ထိပ်သီးနိုင်ငံ ၂၀ (ဂျီ-၂၀) အဖွဲ့၏ အောက်တိုဘာ ၁၂ ရက်တွင် အွန်လိုင်းမှ ကျင်းပသည့် အရေးပေါ် အစည်းအဝေးသို့ အိန္ဒိယဝန်ကြီး နာရင်ဒရာမိုဒီ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးကို အလှည့်ကျသဘာပတိအဖြစ် အီတလီအစိုးရက စီစဉ်ကျင်းပခြင်းဖြစ်ပြီး ပါဝင်တက်ရောက်ခဲ့သည့် နိုင်ငံအကြီးအကဲများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာများကို လိုအပ်ပါက တာလီဘန်များနှင့် ဖြေရှင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီက အစည်းအဝေးအပြီး အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားသည်။

မိုးခေါင်ရေရှားပြဿနာနှင့် ၁၀ စုနှစ်များစွာ ကြာမြင့်သည့် ပြည်တွင်းစစ်အပြီး ဆိုးရွားစွာ ဆင်းရဲမွဲတေမှုကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရသည့် အာဖဂန်နစ္စတန်တွင် ဩဂုတ် ၁၅ ရက်က တာလီဘန်တို့ အာဏာ သိမ်းပိုက်လိုက်သည့်အခါ နိုင်ငံ၏ စီးပွားရေးသည် ပြိုလဲလုနီးပါးဖြစ်ခဲ့ကာ နိုင်ငံတွင်းမှ ဒုက္ခသည်အများအပြား ထွက်ခွာသွားခဲ့ကြသည်။

ယခုအစည်းအဝေးသို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့်အတူ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၊ ဥရောပနိုင်ငံ ခေါင်းဆောင်များ ပါဝင်ခဲ့သော်လည်း အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတကာရပ်တည်မှုအပေါ် သဘောထား မတူညီသောခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ မပါဝင်ခဲ့ပေ။

၎င်းတို့ ၂ ဦးမပါဝင်သောကြောင့် အစည်းအဝေး၏ အရေးပါမှုကို အားလျော့မသွားစေခဲ့ကြောင်း အစည်းအဝေးသဘာပတိ အီတလီဝန်ကြီးချုပ်က ပြောကြားသည်။

“ဒီအစည်းအဝေးက အာဖဂန်နစ္စတန်ပြဿနာနဲ့ ပတ်သက်လို့ ဝိုင်းဝန်းတုံ့ပြန် ဆောင်ရွက်ခြင်းပါ။ စုစည်းညီညွှတ်ဖို့က ခက်ခဲပေမယ့် ပြန်လည်လုပ်ဆောင်နိုင်ခဲ့ပါပြီ” ဟု လည်း ၎င်းက ပြောကြားသည်။

ဘဏ်များတွင် ငွေပြတ်လတ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများကို လစာမပေးနိုင်ခြင်းနှင့် အစားအစာဈေးနှုန်းများ မြင့်တက် ကာ ပြည်သူသန်းပေါင်းများစွာ ငတ်မွတ်မှုကြုံတွေ့နေရသော အာဖဂန်နစ္စတန်တွင် ပြဿနာများကို လျော့ကျသွား စေရန် လိုအပ်ကြောင်း အစည်းအဝေးတက်ရောက်သူများက သဘောတူညီခဲ့သည်။

အကူအညီအများအပြားကို ကုလသမဂ္ဂမှ ပေးသွားမည်ဖြစ်သလို တာလီဘန်အစိုးရအပေါ် နို်ငငံအများစုက အသိအမှတ်ပြုရန် လက်မခံသော်လည်း နိုင်ငံအချင်းချင်း တိုက်ရိုက်အကူအညီပေးခြင်းကိုလည်း ပြုလုပ်မည်ဖြစ်သည်။

“တာလီဘန်တွေမပါဝင်ဘဲ အာဖဂန်ပြည်သူတွေကို ကူညီဖို့ မဖြစ်နိုင်ပါဘူး၊ဒါဟာ သူတို့ကို လက်ခံအသိအမှတ်ပြုတယ်လို့ မပြောနိုင်ပါဘူး” ဟု အီတလီဝန်ကြီးချုပ်ဒရာဂီက ပြောသည်။

ဝန်ကြီးချုပ် မိုဒီသည် စက်တင်ဘာ ၁၇ ရက်က ကျင်းပခဲ့သည့် အာဖဂန်နစ္စတန်ဆိုင်ရာအစည်းအဝေးအား ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)- စုပေါင်းလုံခြုံရေးဆိုင်ရာ သဘောတူစာချုပ်အဖွဲ့ (CSTO) တို့၏ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပြီး ၎င်း၏ ဆွေးနွေးချက်တွင် အာဖဂန်နစ္စတန်၌ တာလီဘန်များက အားလုံးပါဝင်မှုမရှိသော အစိုးရတစ်ရပ်ကို သက်ဆိုင်သူများနှင့်ဆွေးနွေး ညှိနှိုင်းခြင်းမရှိဘဲ ဖွဲ့စည်းနေခြင်းကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့ကို အလျင်စလို အသိအမှတ်မပြုရန် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required